မန်ယူအသင်းရဲ့ ခံစစ် ကစားသမားသစ် ဖြစ်လာတဲ့ မက်ဂွဲရားဟာ အနာဂတ်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဖြစ်လာနိုင်ကြောင်း မက်ဂွဲရား နဲ့ အတူ အသင်းဟောင်း ဟူးလ်စီးတီးမှာ လက်တွဲခဲ့ဖူးတဲ့ နောက်ခံလူ မိုက်ကယ် ဒေါ်ဆင်က ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။

အသက် ၂၆ နှစ် အရွယ် အင်္ဂလန်သားဟာ လက်စတာမှ မန်ယူအသင်းထံ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ တရားဝင် ရောက်ရှိလာခဲ့ပြီ မိုက်ကယ် ဒေါ်ဆင် ကတော့ သူ့ရဲ့ အသင်းဖော်ဟောင်းကို အနာဂတ်မှာ မန်ယူရဲ့ အသင်းခေါင်းဆောင် တစ်ယောက် ဖြစ်လာမယ်လို့ ယုံကြည် နေပါတယ်။

မိုက်ကယ်ဒေါ်ဆင်က “ မက်ဂွဲရား က ကွင်းတွင်းမှာတင်မက အဝတ်လဲခန်းထဲမှာပါ အသင်းဖော်တွေကို အကောင်းဆုံး ထိန်းကျောင်းနိုင်သူ ဖြစ်တယ်။ တစ်နည်းအားဖြင့် အသင်းခေါင်းဆောင်ဖြစ်သင့်တဲ့ ကစားသမားတစ်ယောက်ပါပဲ။ တစ်နေ့နေ့မှာ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အသင်းခေါင်းဆောင်တစ်ယောက် ဖြစ်လာစရာရှိပါတယ်။”

” သူ့အနေနဲ့ အသင်းသစ်မှာ အသားကျသွားဖို့ အချိန်တစ်ခုတော့ယူရမှာပါ။ အဲဒီနောက်ပိုင်းမှာတော့ သူဟာ မန်ယူအသင်းရဲ့ ခံစစ်ကြောင်းကို အကောင်းဆုံး ဦးဆောင်သွားပါလိမ့်မယ်။” လို့ ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။

မက်ဂွဲရားရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင် သန်း ၈၀ ရှိနေပြီး ဒါဟာ ခံစစ်မှူး တစ်ယောက် အတွက် ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်ပါတယ်။ ဒါပေမယ့် မန်ယူအသင်း အတွက် သင့်တော် မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်ကြောင်းလည်း မိုက်ကယ် ဒေါ်ဆင်က ထောက်ခံ ပြောကြားခဲ့ပါတယ်။

“မက်ဂွဲရား ကို ပေါင် သန်း ၈၀ ပေးခဲ့ရတာက သူ့ရဲ့ ခြေစွမ်းကြောင့်ပါ။ သူက နောက်ကနေ ဘောလုံးကို သက်တောင့်သက်သာ သယ်လာ နိုင်တယ်။ နောက်ပြီး ကျပ်တည်းတဲ့ နေရာတွေထဲမှာလည်း အေးအေးဆေးဆေး ကစားနိုင်တယ်။ အခက်အခဲတွေ ကြားထဲကနေ ရုန်းထွက်နိုင်ပြီး အဲ့ဒီ အချက်တွေကြောင့်ပဲ သူ့ကို ထိပ်တန်း အဆင့် ကစားသမား တစ်ယောက် ဖြစ်လာစေတာပါ။” ဒေါ်ဆင်က ဆိုခဲ့ပါတယ်။

မက်ဂွဲရား နဲ့ မိုက်ကယ်ဒေါ်ဆင်တို့ နှစ်ဦးဟာ ဟူးလ်စီးတီး အသင်းရဲ့ ခံစစ်မှာ (၃) ရာသီကြာ အတူ တကွ ပုံမှန် ပွဲထွက်ခဲ့ကြတာပါ။