လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ဆယ်ကျော်သက် ဟော်လန်သား ခံစစ်မှူး ကီဂျာနာ ဟိုဗာက လာမယ့် ဘောလုံးရာသီမှာ ကြီးမားတဲ့ ပြောင်းလဲမှု ဖြစ်လာနိုင်ပြီး အလားအလာကောင်းတွေ ရှိနေသူလို့ ချီးကျူးစကား ဆိုလိုက်ပါတယ်။

လီဗာပူးအသင်း ဗဟိုခံစစ်မှူး နေးဖိလစ်ဟာ ဂျာမနီကလပ် စတုတ်ဂတ်အသင်းထံ တစ်ရာသီ အငှားစာချုပ်ဖြင့် ထွက်ခွာပြီဖြစ်တယ်လို့ လီဗာပူး အသင်း ဝဘ်ဆိုဒ်က တရားဝင် ကြေညာခဲ့ပြီဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် ဗဟိုခံစစ်မှူးဟာ ပြီးခဲ့တဲ့ သုံးရာသီလုံးမှာ လီဗာပူးအသင်းမှာပဲ ရှိနေခဲ့ပေမယ့် ပွဲထွက်ခွင့် မရခဲ့ပါဘူး။ သူဟာ လာမယ့်ရာသီမှာ ဂျာမနီဒုတိယတန်းကလပ်ထံ အငှားထွက်ဖို့ သဘောတူညီမှု မတိုင်ခင် လီဗာပူးအသင်းနဲ့ ကာလရှည် သက်တမ်းတိုးစာချုပ် ချုပ်ဆိုသွားခဲ့ပါသေးတယ်။

ယာဂင်ကလော့ပ်ဟာ အားကစားသိပ္ပံလို့ခေါ်တဲ့ အားကစားဆိုင်ရာ ကိစ္စတွေမှာ ခေတ်သစ် နည်းပညာတွေ ထည့်သွင်း အသုံးချမှုကို နှစ်သက်သူ ဖြစ်ပြီး အသင်းသားတွေရဲ့ စိတ်ဖိအားတွေကို လျော့ချပေးတဲ့ ကုထုံး ကျွမ်းကျင်ပညာရှင် Sebastian Steudtner ကို ရာသီကြို လေ့ကျင့်ရေး မှာ ဖိတ်ခေါ်ခဲ့တယ် လို့ သိရပါတယ်။

လီဗာပူး လူငယ်တိုက်စစ်သမား Taiwo Awoniyi ဟာ မိန့်ဇ်အသင်းထံ တစ်ရာသီ အငှား ကစားဖို့ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ဆေးစစ်ဖို့နဲ့ အခြား အပြီးသတ်စရာ ကိစ္စရပ်များ ကျန်ရှိနေသေးပေမယ့် လီဗာပူးအသင်းဘက်ကတော့ တရားဝင် အတည်ပြုသွားခဲ့ပါပြီ။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ် အသင်း မန်နေဂျာ ဖြစ်လာတဲ့ ၂၀၁၅ က စလို့ အသင်းမှ ကစားသမား ၃၆ ယောက် ရောင်းချ/ ထွက်ခွာသွားရာမှာ ရောင်းချ ရရှိငွေက ပေါင် 338,350,000 ဖြစ်ပါတယ်။ ၂၀၁၃-၁၄ က ဗိုလ်စွဲလုနီးပါး ရှိခဲ့သော လူစာရင်းကနေ ကျန်ရှိနေတဲ့ ကစားသမားက ဟန်ဒါဆန် တစ်ယောက်သာ ရှိတော့ပြီး အများစုကတော့ ကလော့ပ်ရောင်းတာ စာချုပ်ကုန်တာနဲ့ အသင်းကနေ ထွက်ခွာကုန်ကြပြီ ဖြစ်ပါတယ်။

ကော်တင်ညိုကို ဘာစီလိုနာထံ ရောင်းချမှုကနေ လီဗာပူးက ၁၄၂ သန်း ရရှိတာ ဖြစ်ပေမယ့် ကျေနပ်စရာ အကောင်းဆုံး ရောင်းချမှု အနေနဲ့ ဘန်တီကီနဲ့ ဆာခို နှစ်ယောင်ပေါင်း ပေါင် ၅၈ သန်းနဲ့ ပဲလေ့စ်ကို ရောင်းချရတာက ပရိသတ် သဘောကျမှု ပိုများတာလည်း ရှိပါတယ်။

လီဗာပူး ဂိုးသမားဟောင်း ပီပီရေနာက ၄င်းကလပ်အသင်းဟောင်း အနေနဲ့ ပြီးခဲ့တဲ့ ရာသီက ဥရောပ ချန်ပီယံလိဂ် ဆုဖလားအပြင် ဒီနှစ်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ထပ်တိုး ရယူဖို့ တိုက်တွန်းလိုက်ပါတယ်။

စပါးနည်းပြ ပိုချက်တီနိုဟာ လီဗာပူး ကစားသမားဟောင်း လက်ရှိ ဘာစီလိုနာ တိုက်စစ်သမား ကော်တင်ညိုကို ကိုယ်တိုင် ဖုန်းခေါ်ဆိုပြီး ဆွေးနွေးမှုများ ပြုလုပ်လိုက်ပြီး အငှားနဲ့ ခေါ်ဖို့ ကမ်းလှမ်းမှု လုပ်ထားတယ်လို့ သိရပါတယ်။