ယူနိုက်တက်တိုက်စစ်မှူး လူကာကူဟာ အပြောင်းအရွေ့ နောက်ဆုံးအချိန်မှာပဲ အင်တာမီလန်အသင်းထံ တရားဝင် ရောက်ရှိသွားခဲ့ပြီလို့ စီးရီးအေကလပ်က အတည်ပြုသွားခဲ့ပါတယ်။

အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွေ့ကာလက နောက်ဆုံးအချိန် ဖြစ်သွာခဲ့ပြီ ဖြစ်ပေမယ့် စပိန်လာလီကာရဲ့ အပြောင်းအရွေ့က ကျန်ရှိနေသေးချိန်မှာ ရီးရဲနည်းပြ ဇီဒန်းဟာ ပေါ့ဘာကို ခေါ်ယူဖို့ အသင်းကို တွန်းအားပေးနေဆဲလို့ သိရပါတယ်။

အဲဗာတန်အသင်းက ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် ယူနိုက်တက်ကတော့ ခံစစ်မှူး စမောလင်းအတွက် ပြောင်းရွေ့ကြေးကို ပေါင်သန်း (၃၀) ပမာဏကနေ လျော့ချပေးခဲ့ခြင်း မရှိပါဘူး။ အပြောင်းအရွေ့ နောက်ဆုံးအချိန်မှာပဲ အဲဗာတန်အသင်းဟာ ယူနိုက်တက်ခံစစ်ကစားသမား ရိုဂျိုကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်း မရှိပါဘူး။

ယူနိုက်တက်နည်းပြ ဆိုးရှားရဲ့ ယခုနှစ် ကစားသမားခေါ်ယူမှုဟာ ပြီးခဲ့တဲ့နှစ်က နည်းပြဟောင်း မော်ရင်ညိုရဲ့ ကစားကမားခေါ်ယူမှု ပုံစံတွေနဲ့ ထပ်တူကျနေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

ယူနိုက်တက်က ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် အေဂျက်တိုက်စစ်မှူး ဒေးဗစ်နာရက်စ်ကတော့ နယ်သာလန်အသင်းမှာ ဆက်ရှိနေဖို့သာ ဆုံးဖြတ်သွားခဲ့တယ်လို့ သိရပါတယ်။

လူကာကူရဲ့ မိခင်ကတော့ အင်တာမီလန်အသင်းထံ ပြောင်းရွေ့သွားခဲ့တဲ့ သူ့ရဲ့သားကို ကံကောင်းပါစေကြောင်း ဆုတောင်းပေးမှုတစ်ခု သူ့ရဲ့ အင်စတာဂရမ်မှာ တင်ထားခဲ့ပါတယ်။

ယခုနှစ်ရာသီမှာ ကစားသမား သုံးဦးထိ အားဖြည့်ထားနိုင်ခဲ့ပြီး တိုက်စစ်မှာ လူကာကူကို ရောင်းချခဲ့ပေမယ့် ယူနိုက်တက်ဟာ ကွင်းလယ်ပိုင်းကို ထပ်မံအားဖြည့်ဖို့ လိုအပ်သေးတာကြောင့် ဇန်နဝါရီအတွက် ကြိုတင်ပြင်ဆင်သင့်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

နွေရာသီ အပြောင်းအရွေ့တိုင်းမှာ ကစားသမားပေါင်းများစွာနဲ့ ချိတ်ဆက်မှုတွေ ရှိခဲ့တဲ့ ယူနိုက်တက်ဟာ ယခုနှစ်မှာ အဲရစ်ဆင်၊ ဂျိမ်းမက်ဒီဆင်၊ လောင်းစတပ်၊ ဘရူနိုဖာနန်ဒက်နဲ့ မီလန်ကိုဗစ်-ဆာဗစ် တို့ကို ခေါ်ယူဖို့တော့ အမှန်တကယ် စိတ်ဝင်စားခဲ့တယ်လို့ သိရှိရပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် ယှဉ်ပြိုင်ကစားရမယ့် ချယ်ဆီးနဲ့ပွဲကို အာရုံစိုက်သွားတော့မှာဖြစ်ပြီး ကစားသမား စုစည်းမှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။