အာဆင်နယ် တောင်ပံသမား အိုင်ဝိုဘီဟာ အပြောင်းအရွှေ့ နောက်ဆုံးအချိန်မှာပဲ အဲဗာတန်အသင်းကို ပြောင်းရွှေ့သွားပါတယ်။ အာဆင်နယ်က ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်း ရရှိသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ လူးဝစ်နဲ့ တီရာနေးတို့ကို အပြီးသတ် ခေါ်ယူသွားခဲ့ပါတယ်။ နှစ်ဦးလုံးဟာ ဆေးစစ်မှုလည်း အောင်မြင်ခဲ့ပြီး တရားဝင် ကြေညာမှုလည်း လုပ်ခဲ့ပါပြီ။

အာဆင်နယ်အသင်း ဂန္တဝင် ကစားသမားဟောင်း ချာလီ နီကိုလပ်စ်က အာဆင်နယ် အသစ်ခေါ်ယူလိုက်တဲ့ စကော့တလန် နောက်ခံလူ တီရာနေးဟာ မန်ယူခံစစ်မှူး လုခ် ရှောထက် ပိုမိုကောင်းမွန်တဲ့ ကစားသမားဖြစ်တယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

ဒေးဗစ်လူးဝစ်ဟာ အပြောင်းအရွှေ့ နောက်ဆုံးရက် နောက်ဆုံးမိနစ်မှ မြို့ခံ ပြိုင်ဘက် အာဆင်နယ်အသင်းထံ ပြောင်းရွှေ့သွားပြီး ဘောလုံး ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ လူးဝစ်ကတော့ သူ့ အနေနဲ့ စိန်ခေါ်မှု အသစ်တွေ လိုချင်လို့ ပြောင်းဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လူငယ် ခံစစ်မှူး ဒိုမီနစ် သွမ်ဆင်ကို ရောင်းချမှုကနေ ပြောင်းရွှေ့ကြေး ပေါင် ၃ သန်းအထိ ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဗာတန် နည်းပြ မာကို ဆေးလ်ဗားက အာဆင်နယ်အသင်းကနေ ပေါင် ၃၅ သန်းနဲ့ ခေါ်ယူလိုက်တဲ့ အဲလက်စ် အိုင်ဝီုဘီဟာ သူတို့ရဲ့ ဒီရာသီ အရေးအပါးဆုံး ပစ်မှတ်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဘယ်နောက်ခံလူသစ် တီရာနေးက ၄င်းဟာ ဆဲလ်တစ်အသင်းရဲ့ အမာခံ ပရိတ်သတ် တစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့သူဖြစ်ပြီး ဒီလို အသင်းမျိုးကနေ ထွက်ခွာရတာဟာ သူ့အတွက် ခက်ခဲတဲ့ ကိစ္စတစ်ခုဖြစ်ခဲ့တယ်လို့ ၀န်ခံ ပြောပြခဲ့ပါတယ်။