နွေအပြောင်းအရွှေ့အတွင်း တိုက်စစ်မှူး လူကာကူ ထွက်ခွာသွားတဲ့နောက် ဒီကနေ့ည ယှဉ်ပြိုင်ကစားမယ့် ယူနိုက်တက်နဲ့ ချယ်ဆီးပွဲမှာ မန်နေဂျာဆိုးရှားရဲ့ အထောင်တိုက်စစ်နေရာက အသုံးပြုမှုက မာရှယ်ဖြစ်သင့်လား၊ ရပ်ဖိုဒ့်ဖြစ်သင့်လားဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်နေတဲ့ အနေအထားဖြစ်တယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲ လွဲချော်ထားတဲ့ ယူနိုက်တက်ကို ဒီရာသီမှာ ထိပ်သီးလေးသင်းထံ ပြန်ပို့ဖို့ရာ တိုက်စစ်သမားတွေက အဓိကကျလာမှာဖြစ်ပြီး အသက် ၂၁ နှစ်အရွယ် ရပ်ဖိုဒ့်ကလည်း အဓိက ကစားသမား ဖြစ်လာနိုင်တာပါ။ အဓိကအားဖြင့်ကတော့ မနှစ်ကရာသီ ပရီးမီးယားလိဂ်ပွဲ ၃၃ ပွဲမှာ ၁၀ ဂိုး သွင်းယူနိုင်ခြင်းထက် တစ်ရာသီ သွင်းဂိုး ၂၀ အထက်ကို ပုံမှန်သွင်းဖို့က ရပ်ဖိုဒ့်အတွက် ဦးတည်ချက် ဖြစ်လာပါလိမ့်မယ်။

ယူနိုက်တက်လို အသင်းအတွက် ရပ့်ဖိုဒ့်ရဲ့ အသက်အရွယ်နဲ့ သမ္ဘာက သွင်းဂိုးတွေကို ကိုယ်စားပြုဖို့ လုံလောက်မှု မရှိသေးဘူးလို့ မှတ်ချက်ပေးကောင်း ပေးနိုင်ပေမယ့် ဆာအဲလက်စ် လက်ထက်မှာဆိုရင် အသက်အရွယ်က အရမ်းတော့ ပြဿနာ မဟုတ်ပါဘူး။ ကလပ်အသင်းမှာ တောင်ပံနေရာနဲ့ အထောင်တိုက်စစ်နေရာ ဘယ်နေရာကို ရပ်ဖိုဒ့် ကစားခွင့် ရမလဲဆိုတာကပဲ သူ့ရဲ့ သွင်းဂိုးတွေအတွက် အဆုံးအဖြတ် ဖြစ်လာပါလိမ့်မယ်။

ဒီအပိုင်းမှာတော့ ရပ်ဖိုဒ့်ဟာ ယူနိုက်တက်ရဲ့ အထောင်တိုက်စစ်မှူးဖြစ်လာဖို့ရာ အဆုံးသတ်ပိုင်း၊ တည်ငြိမ်မှုပိုင်းနဲ့ ယုံကြည်မှုပိုင်းမှာ လိုအပ်နေသေးတာဖြစ်တယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ လေးရာသီအတွင်း ရပ်ဖိုဒ့်ရဲ့ အဆုံးသတ်ပိုင်း အနေအထားက ယူနိုက်တက်တိုက်စစ်တစ်ခုလုံးကို ထမ်းတင်ပေးဖို့ လုံလောက်မှု မရှိပါဘူး။

ယူနိုက်တက်ကို မနှစ်တုန်းကလို ခြေစွမ်းအတက်အကျ များလွန်းတဲ့ အသင်းအဖြစ် မြင်ရမှာ မဟုတ်တော့ပါဘူး။ မက်ဂွဲရားကို ခေါ်ယူထားသလို ညာအစွန်ကို အားဖြည့်ထားတဲ့ ယူနိုက်တက်ဟာ ခံစစ်တန်းကို တည်တည်ငြိမ်ငြိမ် တည်ဆောက်ထားနိုင်ပြီဖြစ်တယ်။ ကွင်းအတွင်းမှာ ခြေစွမ်းပြရဦးမယ်ဆိုပေမယ့် မက်ဂွဲရားနဲ့ ဘစ်ဆာကာဟာ လိဂ်ရဲ့ အကောင်းဆုံး ခံစစ်သမားတွေဖြစ်ပါတယ်။ သူတို့ဟာ ယူနိုက်တက်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲ ပါဝင်တဲ့ ဒီဂီယာ၊ လုရှော၊ လင်ဒီအော့တို့နဲ့ တွဲဘက်ရမှာဖြစ်တယ်။

သူတို့ရဲ့ အထိုင်ကောင်းမွန်မှုမှာ လူငယ်တိုက်စစ်သမားတွေက မနှစ်ကထက် တိုက်စစ်ကို ပိုလိုက်ပါခွင့်ရလာမှာဖြစ်တယ်။ ရာသီကြို အနေအထားတွေအရ ချယ်ဆီးနဲ့ပွဲမှာ မာရှယ်၊ ရပ်ဖိုဒ့်၊ ဂျိမ်းတို့ကို တိုက်စစ်တင်ကစားလာနိုင်ပြီး သုံးယောက်တန်း တိုက်စစ်ကိုပဲ အသုံးပြုဖို့ များနေတာပါ။ မန်နေဂျာဆိုးရှားဟာ ရပ်ဖိုဒ့်ထက် မာရှယ်ကို အထောင်တိုက်စစ် ထားကစားရဖို့ ပိုမို နှစ်သက်ဟန်ရှိတယ်။

အထောင်တိုက်စစ်နေရာက မကစားရခြင်းဟာ ရပ်ဖိုဒ့်အတွက် ပြဿနာကြီးတော့ မဟုတ်ပါဘူး။ သူ့ရဲ့ လျှင်မြန်မှုနဲ့ နေရာလွတ် အသုံးချနိုင်စွမ်းတွေအရ တောင်ပံကနေ ဧရိယာထဲ ဝင်ရောက်လာနိုင်စွမ်းလည်း ရှိသူဖြစ်တယ်။ တောင့်တင်းတဲ့ ခံစစ်၊ ပံ့ပိုးပေးမယ့် ကွင်းလယ်ကောင်းရှိနေရင် ရပ်ဖိုဒ့်ဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ တိုက်စစ်သမားတစ်ဦးလည်းဖြစ်တယ်။

ရပ်ဖိုဒ့်ကို ချယ်ဆီးနဲ့ပွဲမှာ တိုက်စစ်ရဲ့ ဘယ်နေရာမှာ ထားကစားမယ်ဆိုတာ မသိရသေးပေမယ့် ရပ်ဖိုဒ့်ထက် မာရှယ်ကို အသုံးပြုပြီး ကစားကွက်ချလာဖို့ မျှော်လင့်ပါတယ်။