လီဗာပူး ဂိုးသမား အယ်လီဆန်ဟာ နောဝစ်နဲ့ပွဲက ဒဏ်ရာအတွက် ကနဦး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာ သီတင်းပတ် ၄ ပတ် ကနေ ၈ ပတ် အထိ အသင်းနဲ့ ပါဝင်နိုင်ဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။ လီဗာပူးဘက်ကတော့ အယ်လီဆန် လအတန်ကြာ နားရတာမျိုး မဟုတ်ဘဲ သီတင်းပတ် အချို့သာ နားရတာ ဖြစ်လို့ အကောင်းမြင်နေပါတယ်။

အယ်လီဆန် မကစားနိုင်ပေမယ့် ၀ါရင့် ဂိုးသမား အက်ဒရီယန်က ၄င်းနေရာကို အကောင်းဆုံး ဖြည့် ကစားပေးနိုင်လိမ့်မယ်လို့ လီဗာပူး ခံစစ်မှူး ဗန်ဒိုက်က ထောက်ခံ ပြောဆိုလိုက်ပါတယ်။

အီတလီက သတင်းများအရ လီဗာပူး ဗဟိုခံစစ်မှူး လိုဗရန်ဟာ ရိုးမားအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ လိုဗရန်ဟာ ဂိုမက်ဇ်နဲ့ မာတစ်တို့နောက် တတိယဦးစားပေး ဖြစ်နေတာကြောင့် အသင်းက ထွက်ခွာလိုနေပါတယ်။

မာဆေးဆိုဒ် အခြေစိုက် သတင်းများ အဆိုအရတော့ အယ်လီဆန် မကစားနိုင်ချိန်မှာ ၀င် တာဝန်ယူမယ့်သူက အက်ဒရီယန် မဟုတ်ဘဲ ထပ်မံ ခေါ်ယူထားတဲ့ လိုနာဂန် ဖြစ်ဖို့ ရှိတယ်လို့ သိရပါတယ်။

လီဗာပူးခံစစ်မှူး ဗန်ဒိုက်က ထိပ်သီး ကစားသမားတွေနဲ့ အတူ ကစားသမားတစ်ယောက် တကိုယ်တော် အကောင်းဆုံးဆု ဖြစ်တဲ့ ဘလွန်းဒီအော ဆုမှာ ဆန်ကာတင် အဖြစ် ပါဝင်ရွေးချယ်ခံရခြင်း အတွက် ဂုဏ်ယူကြောင်း ထုတ်ဖော် ပြောဆိုလိုက်ကာ သူ့ အနေနဲ့ ကလပ်အသင်း လူငယ်ကစားသမားတွေ အတွက် စံပြ ဖြစ်အောင် ပြုမူ ကစားနေဖို့သာ အာရုံစိုက်ထားကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

Louis Fowler ဆိုတဲ့ ၁၁ နှစ်အရွယ် ကောင်လေးနဲ့ ညီဖြစ်သူ Isaac တို့ဟာ စနေနေ့တုန်းက သူ့ရဲ့ အချစ်တော် လီဗာပူး အသင်း တိုက်စစ်မှူး ဆာလက်ရဲ့ ကားကို တွေ့လို့ ကားထံကို ပြေးအသွားမှာ ဓါတ်တိုင်ကို ဝင်ဆောင့်မိပြီး နေရာမှာတင် ပုံလဲကျသွားခဲ့တယ်။

အဲ့သည်ဖြစ်ရပ်ကို မြင်ခဲ့တဲ့ ဆာလက်က ကားကို ပြန်ကွေ့လာခဲ့ပြီး လူးဝစ်ဖောက်လာနဲ့ ညီဖြစ်သူတို့ အဆင်ပြေလား လာကြည့်ခဲ့တာကြောင့် ၄င်းတို့ နှစ်ဦးရဲ့ အိပ်မက် ဖြစ်တဲ့ ဟီးရိုးကစားသမားကို တွေ့ဆုံ နှုတ်ဆက်ခွင့်ရကာ ပျော်ရွှင်နေကြပါတယ်။