ချယ်ဆီးနည်းပြသစ် ဖရန့်လမ်းပတ်ဟာ သူ့အတွက် မန်နေဂျာဘ၀ စံပြ ဖြစ်တဲ့ မော်ရင်ညိုကဲ့သို့ ချယ်ဆီးနည်းပြ ဘ၀ ပထမဆုံး ပွဲမှာတင် မန်ယူနိုက်တက် ကို အနိုင်ယူပြနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

မန်ယူ လူငယ်ကစားသမားတွေဖြစ်တဲ့ မေဆန်ဂရင်းဝုဒ်၊ တာဟစ်ချောင်နဲ့ ဂိုးမက်စ်တို့ဟာ ချယ်ဆီးနဲ့ ယှဉ်ပြိုင်ရမယ့် ယူနိုက်တက် လူစာရင်း အတွင်း ထည့်သွင်းခံခဲ့ရပြီဖြစ်ပါတယ်။ ပွဲထွက်ခွင့်ရမလားကတော့ စောင့်ကြည့်ရမှာပါ။

မန်ယူ နဲ့ ချယ်ဆီးပွဲကို မိုက်ကယ်အိုဝင်နဲ့ လော်ရိုးတို့က သရေ တစ်မှတ် ခွဲဝေယူသွားလိမ့်မယ်လို့ ခန့်မှန်း သုံးသပ်ထားကြပြီး စကိုင်းစပေါ့မှ ချာလီနစ်ကိုးလပ်စ်ကတော့ မန်ယူက တစ်ဂိုးအသာနဲ့ အနိုင်ရသွားမယ်လို့ ဆိုထားပါတယ်။

လူတိုင်းက မက်ဂွဲရားကို ဗန်ဒိုက်နဲ့ နှိုင်းယှဉ်မှုတွေ ပြုလုပ်ကြမယ်ဆိုတာကို ဆိုးရှားက ဝန်ခံခဲ့ပေမယ့် မက်ဂွဲရားက ကလပ်အသင်း အတွက် အကျိုးကြီးတွေပေးပြီး ယူနိုက်တက်ကို တိုးတက်စေမယ့် ကစားသမားဖြစ်လို့ အပြောင်းအရွှေ့မှာ ဦးစားပေးပစ်မှတ်အဖြစ် ရွေးချယ် ခဲ့ရတာပါ လို့ ဆိုးရှားက ဆိုပါတယ်။

မန်ယူ တိုက်စစ်မှူး မားကပ်စ် ရက်ဖို့ဒ်က လူကာကူ အင်တာမီလန်သို့ ထွက်ခွာသွားပြီးနောက် နောက်တစ်ဆင့် ရှေ့ဆက်တိုးဖို့ အသင့်ပြင်နေ ကာ ယူနိုက်တက် တိုက်စစ်ကို ဦးဆောင်ဖို့ ပစ်မှတ်ထားနေပါတယ်။

ရက်ဖို့ဒ်က မန်ချက်စတာ ယူနိုက်တက်ဟာ နောက်ဆုံးတော့ အိုလီဂန်နာဆိုးရှား လက်အောက်မှာ သူတို့ရဲ့ မူလ လမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိခဲ့ပြီဖြစ်ပြီး သူကလဲ အသင်းအတွက် သူ့ဘဝကို ပေးဆပ်သွားမှာပါလို့ ဆိုလိုက်ပါတယ်။

အီတလီ စီရီးအေ ကလပ် ရိုးမားဟာ မန်ချက်စတာယူနိုက်တက် တိုက်စစ်သမား ဆန်းချက်ကို တစ်ရာသီ အငှားခေါ်ယူဖို့ ပြောဆို ဆွေးနွေးမှုများ ပြုလုပ်နေပြီလို့ တယ်လီဂရပ်ဖ် သတင်းမှာ ဖော်ပြသွားပါတယ်။

မန်ယူ ကစားသမားဟောင်း ဂယ်ရီ နဗီးလ်က ၄င်းကလပ်အသင်းဟောင်းဟာ ဒီနွေမှာ ကစားသမား အများအပြား ထုတ်ရောင်းတာမျိုး မလုပ်ဘဲ ပါးပါးနပ်နပ် လှုပ်ရှားသွားမှုတွေ အပေါ် အကောင်းမြင်နေပြီး ဆိုးရှားရဲ့ အပြောင်းအရွှေ့ ပေါ်လစီကို ချီးကျူးပြောဆိုမှုများ ပြုလုပ်သွားပါတယ်။

စကိုင်းရဲ့ အားကစား ကလောင်ရှင် ဂရေမီဆောင်းနပ်က သူသာ မန်ယူ အသင်းသားဆိုရင် လူကာကူ မရှိတော့တဲ့ အတွက် ကျေနပ်မိမှာ ဖြစ်ပြီး ထပ်ပြီးလည်း အသင်းအတွက် တိုက်ခိုက်ပေးလိုစိတ်မရှိတဲ့ ပေါ့ဘာပါ ထွက်ခွာသွားရင် ပို သဘောကျမိလိမ့်မယ်လို့ ထုတ်ဖော် ပြောဆိုပါတယ်။