လီဗာပူးနဲ့ နော်ဝစ်နိုင်ပွဲအပြီး အသင်းပိုင်ရှင် ဂျွန်ဟင်နရီဟာ မန်နေဂျာယာဂင်ကလော့ပ်ကို အဝတ်လဲခန်း အပြင်ဘက်မှာ လာစောင့်ပြီး နုတ်ဆက်ခဲ့ပါတယ်။

လီဗာပူးတိုက်စစ်မှူးဆာလက်ဟာ သူ့ကို တွေ့ဆုံဖို့ ကြိုးစားရင်း ဓါတ်တိုင်နဲ့ ပြေးဆောင့်မိတဲ့ လူငယ်လေး ဖောင်လာကို ကိုယ်တိုင် လာထူခဲ့ပြီး အမှတ်တရဓါတ်ပုံ ရိုက်ပေးခဲ့ပါတယ်။

လီဗာပူးဟာ ဈေးကွက်ထဲမှာ တိုက်စစ်သမားသစ်တွေ ခေါ်ယူခွင့်ရခဲ့ပေမယ့် ဆာလက်၊ မာနေး၊ ဖာမင်နိုတို့ရဲ့ ပွဲထွက်ခွင့်ကို ထိခိုက်စေနိုင်တာကြောင့် မခေါ်ယူဖို့ ရွေးချယ်ခဲ့တာဖြစ်နိုင်ကြောင်း စကိုင်းစပေါ့မှ ဂယ်ရီနဗီးက သုံးသပ်သွားပါတယ်။

လီဗာပူးတိုက်စစ်မှူးဟောင်း ပီတာခရော့က နော်ဝစ်နဲ့ပွဲမှာ အသင်းဟောင်းမှ ကစားသမားတွေ ခြေစွမ်းကောင်းခဲ့ပေမယ့် ဒီတစ်ပွဲနဲ့တင် အမှတ်ပေးဖလား စိန်ခေါ်နိုင်ပြီလို့ ကြွေးကြော်လို့ မရပါကြောင်း သတိပေးသွားပါတယ်။

လီဗာပူးပိုင်ရှင်တွေက မန်နေဂျာယာဂင်ကလော့ပ်အား အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလားလို ပြည်တွင်း ဆုဖလားတွေကိုလည်း အာရုံစိုက် ယှဉ်ပြိုင်ဖို့ သတိပေးမှု လုပ်ထားတယ်လို့ သိရပါတယ်။

လီဗာပူးကစားသမား ပွဲဦးထွက်မှာ အသင်းပရိသတ်တွေရဲ့ ကောင်းမွန်စွာ ကြိုဆိုခြင်းကို ခံရတဲ့နောက်တော့ စကားလုံးနဲ့ ပြောစရာတောင် မရှိတော့ပါဘူးလို့ ဂိုးသမား အတ်ဒရီယန်က တွစ်တာကနေ ပြောဆိုပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်ဟာ ဆုဖလားအောင်နိုင်မှု မရမချင်း အန်ဖီးကွင်းက သမိုင်းဝင် TIA အမှတ်အသားကို မထိဖို့ မှာခဲ့ပေမယ့် ချန်ပီယံလိဂ်ဖလား အနိုင်ရတဲ့နောက် ပြန်ထိခွင့် ပေးခဲ့တယ်လို့ ဝိုက်နယ်ဒမ်က ဝန်ခံပါတယ်။

နော်ဝစ်နဲ့ပွဲမှာ သွင်းဂိုးရခဲ့တဲ့ အိုရီဂီဟာ အနာဂတ်မှာ တိုက်စစ်ပိုင်းက ပါဝင်ဖို့ ယုံကြည်မှုတွေ ပိုင်ဆိုင်နေပြီး ပိုများတဲ့ သွင်းဂိုးနဲ့ ဂိုးထောက်ပံ့မှုတွေ လုပ်လာနိုင်မယ်လို့ လီဗာပူး ကလောင်ရှင်တွေက ဆွေးနွေးခဲ့ကြပါတယ်။

ဒီရာသီ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်မယ့် ကလပ်အသင်းလေးသင်းထဲမှာ လီဗာပူးကိုလည်း မော်ရင်ညိုက ထည့်သွင်းခဲ့ပါတယ်။ သူကတော့ မန်စီးတီး၊ လီဗာပူး၊ စပါးတို့က စိန်ခေါ်ကြမှာဖြစ်ပြီး နောက်ထပ် အသင်းတွေထက်စာရင် မန်စီးတီး အရန်အသင်းကမှ ပိုစိန်ခေါ်နိုင်ဦးမယ်လို့ ယူနိုက်တက်၊ အာဆင်နယ်တို့ကို ဖယ်ထုတ်သွားပါတယ်။