ယူနိုက်တက်တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းဟာ လူစားဝင်ကစားခွင့်ရတဲ့ သရဲနီကစားသမားဘဝ ပထမဆုံးပွဲမှာပဲ သူ့ရဲ့ ပထမဆုံ ပရီးမီးယားလိဂ် သွင်းဂိုးသွင်းယူခဲ့ပြီးနောက် အဓိပ္ပာယ်တွေပါတဲ့ အောင်ပွဲခံမှုကို ပြုလုပ်ခဲ့ပါတယ်။

ယူနိုက်တက်က ချယ်ဆီးကို ၄-၀ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ နောက်ဆုံးသွင်းဂိုးကို ဂျိမ်းက သွင်းယူခဲ့တာဖြစ်တယ်။ ဆွမ်ဆီးကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ဖခင်ဖြစ်သူ ဦးဆောင်ပြီး ဆွေးနွေးနေခဲ့စဉ်မှာပဲ ဂျိမ်းရဲ့ ဖခင်ဟာ မမျှော်လင့်ပဲ ဆုံးပါးခဲ့တာဖြစ်ပါတယ်။

ဖခင်ဖြစ်သူ ဖြစ်စေချင်ခဲ့တဲ့ အိပ်မက်ကို ဖြစ်မြောက်အောင် အကောင်အထည့်ဖော်ပြမယ်လို့ ကတိပေးခဲ့တဲ့ ဂျိမ်းက သူ့ရဲ့ သွင်းဂိုးနဲ့ ပက်သက်ပြီး ဖခင်ဖြစ်သူကို အောက်မေ့စကား ပြောဆိုပါတယ်။

ဂျိမ်းက ” နေ့တိုင်းမှာ အဖေ့ကို သတိရမိတယ်။ အဖေက အမြဲတမ်း ကျနော်ကို ဦးဆောင်ပေးခဲ့ပါတယ်။ ကျနော် စိတ်ဓါတ်ကျတဲ့ အခါတွေမှာ ကြိုးစားမှုတွေ မလျော့ပဲ ဆက်လက်အားထုတ်ဖို့ အဖေက အားပေးတတ်ပါတယ်။ ကောင်းကင်ဘုံကနေ အဖေကြည့်နေမယ်ဆိုတာ ကျနော် သိပါတယ် ”လို့ ပြောခဲ့ပါတယ်။

ကစားသမားဘဝ အပြောင်းအလဲကာလမှာ အသက် ၂၁ နှစ်အရွယ် ဂျိမ်းက ဖခင်ဖြစ်သူကို လက်လွတ်ခဲ့ရပေမယ့် အိုထရတ်ဖိုဒ့်မှ သရဲနီတွေကတော့ သူ့ကို ချစ်ခင်မှုတွေ အပြည့်ပေးကြမှာတော့ သေချာလှပါတယ်။