မန်ယူအသင်းမှာ ခြေစွမ်းပြဖို့နဲ့ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ ချီလီသား တောင်ပံတိုက်စစ်မှူး ဆန်းချက်ဟာ အိုးထရက်ဖို့ဒ် ကို စွန့်ခွာပြီး အီတလီသို့ ပြန်သွားဖွယ် ရှိလာပါတယ်။ ဆန်းချက်က ရိုးမားထံ ပြောင်းဖို့ သတင်းထွက်လာပါပြီ။

ဆန်းချက်ဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ အာဆင်နယ်ကနေ မန်ယူအသင်းထံ မစ်ခီတာရန်နဲ့ အလဲအလှယ်လုပ်ပြီး ရောက်လာခဲ့သူပါ။ ၄င်းက ပရီးမီးယားလိဂ်ရဲ့ လစာအများဆုံး ကစားသမားဖြစ်ပေမယ့် မန်ယူမှာတော့ ရုန်းကန်နေရပြီး သူ့ခြေစွမ်းကို ပရိသတ်တွေကလည်း စိတ်ပျက်နေကြ ပါတယ်။

ဆန်းချက်က ၄င်းရဲ့ ပထမရာသီဝက်ရော ဒီရာသီမှာရောပါ ဒဏ်ရာပြဿနာတွေနဲ့ လုံးပန်းခဲ့ရသလို ခြေစွမ်းပြဖို့လည်း ရုန်းကန်နေခဲ့ရပါတယ်။ ဒါကြောင့်မို့လည်း မန်ယူအသင်းဟာ လစာတွေ ဘောနပ်စ်တွေ အမြောက်အများ ပေးချေနေရတဲ့ ဆန်းချက်အပေါ် စိတ်ပျက်နေပြီး ပြန်ရောင်းချင်နေတာပါ။

လက်တလော သတင်းတွေအရ ရိုးမားအသင်းဟာ ဆန်းချက်ကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။ ဆန်းချက် ကိုယ်တိုင်လည်း အီတလီကို ပြန်လည်ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဆန်းချက်ဟာ တစ်ချိန်တုန်းက အီတလီကလပ် အူဒီးနိစ်အသင်းမှာ ကစားခဲ့သူပါ။ သူဟာ အဲ့ဒီကနေတစ်ဆင့် ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး အဲ့ဒီကမှ အာဆင်နယ်ကို ရောက်လာခဲ့သူဖြစ်ပါတယ်။ ဆန်းချက်ဟာ အာဆင်နယ်မှာတော့ သူ့ရဲ့အမြင့်မားဆုံးခြေစွမ်းတွေကို သူ ပြသနိုင်ခဲ့ပါတယ်။

အာဆင်နယ်မှာ ပြသခဲ့တဲ့ ထိပ်တန်းခြေစွမ်းတွေကြောင့် မန်ယူအသင်းက မန်စီးတီးနဲ့အပြိုင် ခေါ်ခဲ့တာပါ။ ဒါပေမယ့် ထင်သလို ဖြစ်မလာဘဲ လစာ ၀န်ထုတ်ဝန်ပိုးသား ပိမိနေတာကြောင့် ပြန်ရောင်းထုတ်လိုနေပါပြီ။

ပရီးမီးယားလိဂ်မှာကတော့ အပြောင်းအရွှေ့ကာလ ပြီးပြီ ဖြစ်လို့ ကစားသမားခေါ်ယူခွင့်ကတော့ ပိတ်သွားပြီဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမား ရောင်းချခွင့်တော့ ရှိနေဆဲပါ။ ဒီနွေမှာ မန်ယူကလည်း ဒန်နီရယ်ဂျိမ်းစ်ကို ခေါ်ထားတာကြောင့် ဆန်းချက်ရဲ့အနာဂတ်က ပိုမို မသေချာတော့ပါဘူး။ သတင်းတွေအရကတော့ ရိုးမားနဲ့ ဆန်းချက်တို့ရဲ့အပြောင်းအရွှေ့က ပိုမိုနီးစပ်လာပြီလို့ ယူဆရပါတယ်။