လီဗာပူးရဲ့ နောဝစ်ခ်ျနဲ့ ပွဲစဉ်မှာ ဂိုမက်ဇ်က ဗန်ဒိုက်နဲ့ တွဲဖက် ပွဲထွက်လာတဲ့ အပေါ် မေးခွန်းထုတ်မှုများ ရှိခဲ့ပြီး ဗန်ဒိုက်ကတော့ ဂိုမက်ဇ်ဟာ ကစားသမားကောင်း ဖြစ်ပြီး အများကြီး တိုးတက်လာဦးမယ့် သူ ဖြစ်ကြောင်း ထောက်ခံ ပြောဆိုလိုက်ပါတယ်။

လီဗာပူး ဘယ်စွန်ကစားသမား အန်ဒီရော်ဘတ်ဆန်က ချန်ပီယံလိဂ် ဗိုလ်စွဲပြီးနောက် အသင်းဟာ ယခင် ဗိုလ်စွဲဖို့ လိုက်လံဖိအားပေးရတဲ့ အသင်း ဖြစ်ပေမယ့် ဒီနှစ်မှာ အခြားအသင်းတွေက အမှီလိုက် ဖိအားပေးခံရတဲ့ အသင်း ဖြစ်လာတာကြောင့် ခံစားမှု အသစ် ဖြစ်နေတယ်လို့ ၀န်ခံ ပြောဆိုလိုက်ပါတယ်။

ရိုးမားက လီဗာပူး ခံစစ်မှူး လိုဗရန်ကို ယူရို ၂ သန်းနဲ့ အငှား တစ်ရာသီ ခေါ်ကာ အပြီးသတ် ၀ယ်ယူခွင့် အပါနဲ့ ကမ်းလှမ်းလိုနေပြီး လီဗာပူးက အပြီးသတ် ၀ယ်ယူခွင့်မှာ ယူရို သန်း ၂၀ ထည့်သွင်းလိုနေကာ ကလပ်အသင်း နှစ်သင်းကြား ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း အီတလီ သတင်းများမှာ ဖော်ပြနေပါတယ်။

အာဆင်နယ် ကစားသမားသစ် တီရာနေးဟာ ပရီးမီးယားလိဂ် အကျော်အမော် ဗန်ဒိုက်လိုပဲ ကျော်ကြားတဲ့ ကစားသမားတစ်ဦး ဖြစ်လာနိုင်တယ် လို့ ဆဲလ်တစ်မန်နေဂျာဟောင်း ဒီလီရာက ပြောဆိုပါတယ်။ ဗန်ဒိုက်ဟာ စကော်တလန်ကလပ် ဆဲလ်တစ်မှာ ထူးချွန်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ကို တိုက်ရိုက် ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

လီဗာပူးဟာ ရာသီကြိုပြင်ဆင်မှုမှာ အမေရိကန်အတွင်း တစ်ပတ်တာ လေ့ကျင့်ရေးဆင်းကူပေးဖို့ ခေါ်ယူခဲ့တဲ့ လိုနာဂတ်ကို မူလကြားသိ ထားရသလို ကာလတိုမဟုတ်ပဲ တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူနိုင်ဖို့ ဆွေးနွေးနေပြီဖြစ်ပါတယ်။

လီဗာပူးတိုက်စစ်မှူး အိုရီဂီက အသင်းအတွက် အများကြီး ကူညီပေးနိုင်တယ်လို့ ယုံကြည်မှု ရှိနေပြီး ပြီးခဲ့တဲ့ ရာသီ မက်ဒရစ်က ချန်ပီယံလိဂ် နိုင်ပွဲဟာ လီဗာပူး ခေတ်အစလို့ ယုံကြည်နေပါတယ်။

အင်စတန်ဘူလ်မှာ ယှဉ်ပြိုင်ရမယ့် စူပါကပ် ဖလားလုပွဲမှာ လီဗာပူးက အင်္ဂလန်ပြည်တွင်းပြိုင်ဘက် ချယ်ဆီးအသင်းကို အနိုင်ယူပြီး ဆုဖလား ကိုင်မြောက်ဖို့ ယုံကြည်ချက်ရှိနေကြောင်း ဘယ်အစွန်လူ ရော်ဘတ်ဆန်က ထုတ်ပြောလာခဲ့တယ်။

” ကျနော်တို့ တကယ်ကို စိတ်လှုပ်ရှားနေပါတယ်။ ချန်ပီယံလိဂ်ဖလား အောင်မြင်ခဲ့တဲ့ အကျိုးဆက်အနေနဲ့ ဒီဗိုလ်လုပွဲကို ကစားရမှာဖြစ်တယ်။ ချယ်ဆီးနဲ့ ယှဉ်ပြိုင်ကစားရမှာက ပရီးမီးယားလိဂ်ပွဲတွေလိုပဲ ခက်ခဲပါလိမ့်မယ်။ သူတို့ကလည်း ယူရိုပါလိဂ် အနိုင်ရထားတဲ့ အသင်းပါ။ စိတ်လှုပ်ရှားစရာ ပွဲကောင်းဖြစ်လာမှာဖြစ်ပေမယ့် ကျနော်တို့ စိတ်လှုပ်ရှားနေပြီး နောက်ထပ် ဆုဖလားတစ်လုံး ကိုင်မြောက်ခွင့်ရဖို့ မျှော်လင့်ပါတယ်။ ” လို့ ရော်ဘတ်ဆန်က ပြောကြားခဲ့တာပါ။