လမ်းပတ်ရဲ့ ချယ်ဆီးနဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်ကတော့ အဖွင့် မလှခဲ့ဘဲ ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ ၄-၀ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ ချယ်ဆီးအသင်းရဲ့ ပထမပိုင်း ကစားပုံက ကောင်းမွန်ခဲ့ပေမယ့် သွင်းဂိုးတွေရအောင် လုံလောက်ခဲ့ခြင်း မရှိပါဘူး။

ချယ်ဆီးအသင်း ဂိုးပြတ် ရှုံးနိမ့်ခဲ့သော်လည်း ပွဲကြည့်စင်ဘက်က ချယ်ဆီး ပရိသတ်များဆီမှ Super Frankie Lampard လို့ သံပြိုင် အားပေးသံများ ညံနေဆဲ ဖြစ်ကာ လမ်းပတ်ကို ထောက်ခံ အားပေးခဲ့ကြပါတယ်။

ချယ်ဆီး လက်ထောက်နည်းပြဟောင်း ဇိုလာက ပြီးခဲ့တဲ့ရာသီမှာ ဆာရီနဲ့ အတူ ကန်တေက ကွင်းလယ်ခံစစ် ထက် ရှေ့တက်က တိုက်စစ် ပို လိုက်ပါ ကစားစေခဲ့ခြင်းကို ကာကွယ် ပြောဆိုလိုက်ပြီး ကန်တေက ခံစစ်အထိုင် ကစားသမား တစ်ယောက်ထက် ပိုကြောင်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်းဘက် သွင်းယူတဲ့ ယူနိုက်တက်ရဲ့ ဒုတိယဂိုးနဲ့ တတိယ ဂိုးကြားမှာ ကွာခြားချိန်က ၂မိနစ်ပင် မပြည့်ခဲ့ဘဲ ၉၅ စက္ကန့်သာ ကြာခဲ့တယ်လို့ အချက်အလက်များ က ဖော်ပြခဲ့ပါတယ်။

ချယ်ဆီးမန်နေဂျာလမ်းပတ်ကတော့ ကလပ်အသင်းဟာ ဈေးကွက်မှာ ကစားသမား ခေါ်ယူခွင့်မရှိတာကို အကြောင်းပြချက် ပေးနေရမှာ မဟုတ်ပဲ တောင့်တင်းတဲ့ ကလပ်အသင်းလူစာရင်းနဲ့လည်း ပြိုင်ပွဲကြီးတွေကို စိန်ခေါ်နိုင်စွမ်းရှိတယ်လို့ တုန့်ပြန်လာပါတယ်။

ချယ်ဆီးနည်းပြ လမ်းပတ်ဟာ မန်ယူကို လေးဂိုးပြတ် ရှုံးခဲ့တဲ့ သူ့အသင်း လူစာရင်းနဲ့ ပတ်သက်လို့ ဝေဖန်ခဲ့တဲ့ မော်ရင်ညိုရဲ့ မှတ်ချက်တွေကို အံ့အားသင့်ခဲ့ပုံရပြီး ဒဏ်ရာပြသနာတွေက အသင်းရဲ့ အဖွင့်ပွဲအတွက် လူရွေးချယ်မှုအပေါ် အကျိုး သက်ရောက်မှု ရှိခဲ့တယ်လို့ တုန့်ပြန် ပြောဆိုပါတယ်။

““သူက မေဆန်မောင့်ရဲ့ ခြေစွမ်းကို မကြိုက်ဘူးတဲ့လား? သူက အဲ့လိုပြောတယ်လား? သူပြောခဲ့တယ်ပေါ့? ၀ိုး.. ကောင်းပြီ။ ကျနော်က ကစားသမားတွေကို သူတို့ အတွေ့အကြုံ ရှိတယ်ဆိုပြီး ဆေးခန်းထဲကနေ ဆွဲထုတ်လာလို့မရဘူးဗျ။ ဒါကြောင့် ရှိတဲ့ ကစားသမားတွေနဲ့ပဲ ကစားခဲ့တယ်။ ” လို့ လမ်းပတ်က ပြောကြားခဲ့ပါတယ်။

လေးဂိုးပြတ် ရလဒ်ဟာ ချယ်ဆီးအတွက် ၁၀၄ရာသီအတွင်း အဆိုးဝါးဆုံး အဖွင့်ပွဲ ရလဒ်ဖြစ်ပြီး လမ်းပတ်အတွက် ဝက်စ်ဟမ်း ကစားသမား အနေနဲ့ ၂၀၀၀ခုနစ်မှာ ယူနိုက်တက်ကို ၇-၁ နဲ့ ရှူံးခဲ့ပြီးနောက် အကြီးမားဆုံး ရှုံးပွဲလဲ ဖြစ်ခဲ့ပါတယ်။