လီဗာပူးအသင်းဟာ ဆောက်သမ်တန်ပွဲကြို သတင်းစာရှင်းလင်းပွဲကို ဒီနေ့ ပြုလုပ်ခဲ့ပြီး မန်နေဂျာ ယာဂင်ကလော့ပ်ကတော့ အသင်းရဲ့ ဂိုးသမား အတ်ဒရီယန် ပါဝင်ဖွယ်မရှိကြောင်း ပြောကြားခဲ့ပါတယ်။

စူပါဖလားပွဲ အပြီးမှာ လီဗာပူးပရိသတ်တစ်ဦး ကွင်းအတွင်း ဝင်ရောက် အောင်ပွဲခံရာက ချော်လဲခဲ့ကာ အတ်ဒရီယန်ရဲ့ ခြေကျင်းဝတ်ကို မတော်တဆ ကန်ခဲ့မိတာကြောင့် ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။

ယာဂင်ကလော့ပ်က ” ကျနော်တို့ရဲ့ အားပေးသူတွေကို ချစ်ပါတယ်။ သံသယရှိစရာ မလိုပါဘူး။ ဒါပေမယ့် ကွင်းထဲ ဝင်အားပေးတာကို ရပ်ဖို့လိုတယ်။ ” လို့ အက်ဒရီယန် ဒဏ်ရာရစေခဲ့တဲ့ ဖြစ်ရပ်အပေါ် ပြောဆိုခဲ့ပါတယ်။

လီဗာပူး ကွင်းလယ်လူ ကိတ်တာက တင်ပါး ဒဏ်ရာကြောင့် စိန့်နဲ့ပွဲ လူစာရင်းမှာ ပါဝင်မှာ မဟုတ်ဘူးလို့ ကလော့ပ်က အတည်ပြုခဲ့တယ်။ ဘယ်အချိန် ပြန်ကစားနိုင်မယ်ဆိုတာ သေချာတဲ့ စစ်ဆေးချက်တွေ မရသေးဘူးလို့လည်း ပြောခဲ့ပါတယ်။

လီဗာပူးဟာ ရိုးမားနဲ့ လိုဗရန် အပြောင်းအရွှေ့ စကားပြောနေမှုကို ရပ်တန့်ခဲ့ပြီ ဖြစ်ပါတယ်။ ဆွေးနွေးမှုကို ရပ်တန့်ဖို့ လီဗာပူးဘက်က လုပ်ဆောင်ခဲ့ပြီး ကစားသမားအတွက် ပေါင် ၁၅ သန်းအထက် မပေးလိုပဲ အငှားကမ်းလှမ်းမှုပါ လုပ်လာတဲ့ ရိုးမားကို ငြင်းဆန်ခဲ့ပြီဖြစ်ပါတယ်။

လီဗာပူး ကစားသမားဟောင်း ဆောင်းနက်စ်ကတော့ ချယ်ဆီးအသင်းနဲ့ စူပါကပ်ပွဲစဉ်က လီဗာပူးအသင်းရဲ့ ခံစစ်ကစားပုံကို ဝေဖန်ခဲ့ပြီး ကလော့ပ်လက်ထက် အဆိုးဝါးဆုံး ခံစစ်တန်းဖြစ်ခဲ့တယ်လို့ မှတ်ချက်ပြုလိုက်ပါတယ်။

ဒီ ရာသီမှာ ပွဲစဉ် သုံးပွဲကစားပြီးချိန်မှာ ခံစစ်ပိုင်း အားနည်းချက်တွေ ရှိနေတဲ့အတွက် လီဗာပူးလ်အသင်းရဲ့ ခံစစ်ကစားပုံ တိုးတက်ဖို့ လိုအပ်နေသေးတယ် လို့ နည်းပြကလော့ပ်က မှတ်ချက်ပြုခဲ့ပါတယ်။