အာဆင်နယ် ခံစစ်မှူးဟောင်း ဝင်းတားဘန်းက အသင်းမှာ ခြေစွမ်း မပြသနိုင်ဖြစ်နေတဲ့ ကွင်းလယ် ကစားသမား မီခီတာရန်ကို အပြောင်းအရွှေ့ မပိတ်မှီ မဖြစ်မနေ ရောင်းထုတ်ဖို့ နည်းပြ အမ်မရီအား တိုက်တွန်းလိုက်ပါတယ်။

ချယ်ဆီးအသင်းဟာ အတွေ့အကြုံရှိ ခံစစ်မှူး ဒေးဗစ်လူးဝစ်ကို မြို့ခံ ပြိုင်ဘက် အာဆင်နယ်အသင်းထံ ရောင်းချခဲ့ပေမယ့် ထိုအတွက် နောင်တ ရနေမယ် မထင်ကြောင်း အာဆင်နယ် ကစားသမားဟောင်း ပီတစ်က သုံးသပ်ပြောဆိုခဲ့ပါတယ်။

ဒီစီယူနိုက်တက်ရဲ့ ချိတ်ဆက်နေမှုကြောင့် အာဆင်နယ်ကနေ ထွက်ခွာဖွယ် ရေပန်းစားလာတဲ့ ဂျာမန်ကွင်းလယ်ကစားသမား အိုဇေးလ်နဲ့ ပတ်သတ်ပြီး မေးမြန်းရာ အမ်မရီက စနေနေ့ ပွဲ အတွက်သာ ၄င်း ခေါင်းထဲမှာ ရှိကြောင်း ဖြေဆိုပြီး ရှောင်ထွက်သွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်တောင်ပံသမား ဂနာဘီကတော့ အင်္ဂလန်မြေမှာ ရုန်းကန်ခဲ့ရပေမယ့် ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဘောလုံးသမားတိုင်းရဲ့ အိပ်မက်ဖြစ်တဲ့ ချန်ပီယံလိဂ်ဆုဖလားကို မျှော်လင့်နိုင်နေတဲ့ အနေအထားအတွက် အသင်းဟောင်း အာဆင်နယ်ကို ကျေးဇူးတင်စကား ဆိုလိုက်ပါတယ်။

အာဆင်နယ်နည်းပြ အူနိုင်း အမ်မရီက နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁ မှာ နိုင်ပွဲရခဲ့တာအတွက် ပျော်ရွှင်နေသော်လည်း ဘန်လေနဲ့ ပွဲမှာ ဂန်းနားတွေထံက ပို တိုးတက်မှုတွေ မြင်လိုတယ်လို့ ပြောဆိုလိုက်ပါတယ်။

ရီးရဲလ် ဆိုစီဒက်အသင်းဟာ အာဆင်နယ် ဘယ်စွန် ခံစစ်မှူး နာချို မွန်ရီရယ်ကို ခေါ်ယူဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း စကိုင်းစပေါ့ သတင်းထောက်များ က ဆိုနေပါတယ်။

အိမ်ကွင်းပွဲတွေမှာ တိတ်ဆိတ်နေတတ်တဲ့ ဂန်းနားတွေလို့ လှောင်ပြောင်ခံရမှုကနေ ရုန်းထွက်နိုင်ဖို့အတွက် အမ်းမရိတ်ကွင်းထဲက ပရိသတ်တို့ကို နိုးကြားစေဖို့ အာဆင်နယ်အားပေးသူများ အမာခံအဖွဲ့ဖြစ်တဲ့ ‘Ashburton Army’ အဖွဲ့ဟာ ကြွေးကြော်သံတွေနဲ့ ဒရမ်တွေကို ကွင်းထဲ ယူဆောင်လာမှာဖြစ်တယ်။ ဒရမ်စည်းချက်နဲ့ ပရိသတ်တွေ အော်ဟစ်မှုကို စည်းဝါးကိုက်သွားမှာဖြစ်ပြီး အမ်းမရိတ်ရဲ့ အားပေးမှု အငွေ့အသက်ကို နိုးကြားစေဖို့ နိုးဆွပေးမှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းနဲ့ ဘန်လေအသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကို မိုက်ဒင်းက ဒိုင်လူကြီးအဖြစ် ကိုင်တွယ်သွားမှာဖြစ်ပါတယ်။ မိုက်ဒင်းဟာ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ ၂၅ ပွဲအထိ ကိုင်တွယ်ခဲ့ဖူးပြီး အာဆင်နယ်က ၁၄ ပွဲနိုင် ၇ ပွဲသရေနဲ့ ၄ ပွဲ ရှုံးနိမ့် ထားပါတယ်။