လီဗာပူးအသင်းဟာ ဆောက်သမ်တန်ကို အဝေးကွင်းမှာ ခက်ခက်ခဲခဲ ကစားပြီး ၂-၁ နဲ့ နိုင်ကာ သုံးမှတ်ပြည့် ရသွားခဲ့ပါတယ်။ လီဗာပူး အတွက် ဂိုးတွေကို မာနေး၊ ဖာမီနိုတို့က သွင်းယူခဲ့ပြီး မာနေး အထူး ခြေစွမ်းပြခဲ့ပါတယ်။

ဆောက်သမ်တန်ကို နိုင်တဲ့ပွဲမှာ ယာဂင်ကလော့ပ်က လီဗာပူးအသင်းအတွက် ပရီးမီးယားလိဂ်ပွဲ ၁၄၆ ပွဲ ကိုင်တွယ်ကာ ရမှတ် ၃၀၀ ပြည့် ရရှိသွားခဲ့ပါတယ်။

” ၈၃ မိနစ်လောက်မှာ ကွင်းထဲက စခရင်မှာ သူ့ပုံရိပ်မြင်တော့ အက်ဒရီယန်က ‘ ငါ ကောင်းကောင်း ကစားထားပြီးပြီ အယ်လီဆန် လုပ်ခဲ့သလိုပဲ။ ဒီတော့ အယ်လီဆန် လုပ်သလို အမှားလေး ဘာလေးလည်း လုပ်ဦးမှ ထင်တယ်’ လို့ တွေးကောင်း တွေးမိတာနေမယ်။” လို့ ကလော့ပ်က အက်ဒရီယန်ရဲ့ အမှားအပေါ် ရယ်မောရင်း ဖြေရှင်းသွားခဲ့ပါတယ်။

လီဗာပူး တောင်ပံ တိုက်စစ် ကစားသမား ရှာကွီရီက သူ့ရဲ့ ပုံမှန်ပွဲထွက်ခွင့်အတွက် အသင်းသစ်တစ်သင်း ရှာဖွေသွားဖွယ်ရှိတယ်လို့ အရိပ်အမြွက် ဖွင့်ဟခဲ့ပါတယ်။ ၂၀၁၈ နွေမှာ လီဗာပူးအသင်းထံ ရောက်ရှိလာခဲ့တဲ့ ရှာကွီရီ က မာနေး၊ ဆာလာ၊ ဖေမီနိုတို့ရဲ့နောက် အရံခုံမှာသာ ထိုင်နေခဲ့ရပြီး ပွဲကစားခွင့်နည်းနေပါတယ်။

ဘာစီလိုနာ ကွင်းလယ်ကစားသမားသစ် ဒီဂျောင်းက မက်ဆီဟာ ဘလွန်ဒီအောဆုကို ရလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။ ဗန်ဒိုက်ဟာလည်း ကောင်းမွန်တဲ့ ကစားသမားဖြစ်ပေမယ့် မက်ဆီကတော့ အခုအချိန်ထိ အကောင်းဆုံး ကစားသမားဖြစ်နေဆဲပဲလို့ ဆိုလိုက်ပါတယ်။

ဘာစီလိုနာက ကော်တင်ညို ကို ဘိုင်ယန်မြူးနစ်အသင်းထံ တစ်ရာသီ အငှားချတော့မှာ ဖြစ်ပြီး ဘိုင်ယန်ဘက်က ပေါင် ၁၈ သန်း ကနဦး ပေးချေရမယ်လို့ သိရပါတယ်။ ဒါပေမယ် ထို ၁၈ သန်း ကို ဘာစီလိုနာ က ရရှိမှာ မဟုတ်ဘဲ ကော်တင်ညို ကို ၀ယ်ယူစဉ်က ပွဲထွက်ခွင့် ထပ်ဆောင်းကြေး လီဗာပူးကို ပေးရန်ကျန်တဲ့ ပေါင် ၁၈ သန်း အရ လီဗာပူးအသင်းသာ ရရှိတော့မှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီကစားထားတဲ့ မန်စီးတီး နဲ့ ကွန်မြူနတီဒိုင်းပွဲ ၊ ချယ်ဆီး နဲ့ စူပါဖလား ပွဲစဉ်တွေမှာ ပထမပိုင်း ကစားပုံ ဆိုးဝါးခဲ့သလိုပဲ ဆောက်သမ်တန်နဲ့ ပွဲစဉ်မှာလည်း အလားတူ ဖြစ်ခဲ့ပါတယ်။ ပွဲချိန် ပထမပိုင်းမှာ အိမ်ရှင် စိန့်တို့ရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရတာပါ။

ဆောက်သမ်တန်ကို နိုင်တဲ့ ပွဲအပြီးမှာ လီဗာပူးက ပရီးမီးယားလိဂ် ၁၁ ပွဲ ဆက် နိုင်ပွဲ ဆက်ခဲ့ပြီ ဖြစ်ကာ နည်းပြဟောင်း ဘရန်ဒန်ရော်ဂျာ တင်ထားတဲ့ ၂၀၁၄ က နိုင်ပွဲဆက် စံချိန်ကို မှီသွားခဲ့ပြီ ဖြစ်ပါတယ်။