အွန်လိုင်းကနေ အသင်းဖော် ပေါ့ဘာကို ဝိုင်းဝန်းထိုးနှက်နေကြတာတွေ ရပ်တန်းကရပ်ကြဖို့ မန်ယူ တိုက်စစ်မှူး မားကပ်စ် ရက်ဖို့ဒ်က သတိပေးစကား ဆိုလိုက်ပါတယ်။

မန်ယူနဲ့ ဝုဗ် တစ်ဖက်တစ်ဂိုးစီသရေကျတဲ့ပွဲမှာ ပေါ့ဘာဟာ အနိုင်ဂိုးဖြစ်နိုင်မယ့် ပင်နယ်တီကို ဝင်အောင် ကန်သွင်းနိုင်ခြင်းမရှိခဲ့တာကြောင့် ပရိသတ်အများစုက ဒေါသထွက်နေခဲ့ကြတာလည်းဖြစ်ပါတယ်။

အများစုက ရိုးရိုးသာမန်ဝေဖန်မှုတွေလောက်သာ ပြုလုပ်ခဲ့ကြပေမယ့် တချို့ အစွန်းရောက်ပရိသတ်တွေကတော့ လူမျိုးရေးခွဲခြားမှုတွေ ပုတ်ခတ်ပြောဆိုမှုတွေပါ ပြုလုပ်လာခဲ့ကြပါတယ်။

ထိုသို့ လူမျိုးရေးခွဲခြားမှုတွေကိုတော့ မန်ချက်စတာယူနိုက်တက်အသင်းက ကြေငြာချက်ထုတ်ကာ ပြင်းပြင်းထန်ထန် ရှုံ့ချသွားခဲ့ပါတယ်။ ကလပ်အသင်းပြင် မက်ဂွဲရား၊ လင်ဒီလော့ဖ်နဲ့ ရက်ဖို့ဒ်တို့ အပါအဝင် မန်ယူ ကစားသမားတွေကလည်း ပေါ့ဘာဖက်က အပြည့်အဝ ရပ်တည်ကြောင်း အသီးသီး တုန့်ပြန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

“မန်ချက်စတာယူနိုက်တက်ဟာ ဘောလုံးအသင်း တစ်သင်း ဆိုတာထက် ပိုပါတယ်။ ဒါဟာ မိသားစုတစ်ခုပါ။ ပေါ့ဘာဟာ ဒီမိသားစုရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ရပ်ပဲ ဖြစ်တယ်။ ဒါကြောင့် ပေါ့ဘာကို တိုက်ခိုက်တာဟာ ကျွန်တော်တို့ အားလုံးကို တိုက်ခိုက်တာပါပဲ။ ပေါ့ဘာကို ထိတာဟာ အသင်းကို ထိတာပါပဲ”လို့ ရက်ဖို့ဒ်က ပြောကြားခဲ့ပါတယ်။

မန်ယူအသင်းရဲ့ ကြေငြာချက်မှာတော့ – “ကမ္ဘာပေါ်က ဘယ်သူတစ်ဦးတစ်ယောက်ကိုမဆို အသားအရောင်ခွဲခြားတာဟာ စိတ်ဓာတ်ရေးရာအရ အတော်လေးကိုနိမ့်ပါးတဲ့လုပ်ရပ်ပါ။ ဒါမျိုးကို ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အသင်းက ပြင်းပြင်းထန်ထန်ရှုံ့ချပါတယ်။ ဒီလိုလုပ်ရပ်မျိုးကို ကျူးလွန်သူတွေကိုလည်း အသင်းရဲ့ပရိသတ်အဖြစ် အသိအမှတ်ပြုသွားမှာမဟုတ်ပါဘူး။ ”

” အသားအရောင်ခွဲခြားတာတွေ၊ လူမျိုးရေးဘာသာရေး ခွဲခြားတာတွေကို ကျွန်တော်တို့အသင်းအနေနဲ့ လုံးဝသည်းခံသွားမှာမဟုတ်ဘဲ ပြင်းပြင်းထန်ထန် ရှုံ့ချပြစ်တင်သွားမှာဖြစ်ပါတယ်။ အခု ပေါ့ဘာကိစ္စမှာ လူမျိုးရေးခွဲခြားမှု ပါဝင်ကျူးလွန်ခဲ့ကြသူတွေကို စုံစမ်းဖော်ထုတ်သွားဖို့ ကျွန်တော်တို့အသင်းအနေနဲ့ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ”လို့ ဖော်ပြ ပါရှိပါတယ်။