ယူရိုပါလိဂ် အုပ်စုအဆင့်ပွဲစဉ်များအတွက် မဲခွဲမှု ယနေ့ညနေက ပြုလုပ်သွားရာ အာဆင်နယ်က အုပ်စု F မှာ ဖရန့်ဖတ် ၊ စတန်းဒက်လိဒ် ၊ ဗစ်တိုးရီးယားအသင်းတို့နဲ့ အတူ ကျရောက်နေပါတယ်။

အာဆင်နယ် နည်းပြ အူနိုင်းအမ်မရီက ကွင်းလယ်ကစားသမား အိုဇေးလ်ကို အပြောင်းအရွှေ့နောက်ဆုံးအချိန်ရောက်မှ ရောင်းချသွားမှာ မဟုတ်ဘူး လို့ အတည်ပြုခဲ့ပါတယ်။ အိုဇေးလ်က ဥရောပ အပြောင်းအရွှေ့ဈေးကွက်ပိတ်မယ့် စက်တင်ဘာလ (၂) ရက်နေ့မတိုင်ခင်မှာပဲ အသင်းက ထွက်ခွာမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် အမ်မရီက ကစားသမားရဲ့အနာဂတ်အတွက် အာမခံပေးလိုက်တာပါ။

ဂျူဗင်တပ်အသင်းဟာ အာဆင်နယ် လူငယ်ကြယ်ပွင့်ဟောင်း လက်ရှိ ဒီဂျွန်အသင်းက လူငယ်ကြယ်ပွင့် မာဗီဒီဒီကို ခေါ်ယူလိုက်ပြီလို့ သိရပါတယ်။ မာဗီဒီဒီဟာ ဂျူဗင်တပ်အသင်းထံ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့မှာဖြစ်ပြီး အငှား ကုန်ဆုံးချိန်မှာတော့ အပြီးသတ်ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အူနိုင်း အမ်မရီဟာ ပေါင် သန်း ၁၈၀ တန်ကြေးရှိတဲ့ အူဘာမီယန်း၊ လာကာဇက်တီနဲ့ ပီပီတို့ကို တော့တင်ဟမ်နဲ့ ပွဲစဉ်မှာ တစ်ပြိုင်နက်တည်း အသုံးပြုဖို့ စီစဉ်လျက် ရှိနေပါတယ်။ လာကာဇက်တီဟာ အသေးစား ဒဏ်ရာတစ်ခုကြောင့် ပြီးခဲ့တဲ့အပတ် လီဗာပူးနဲ့ ပွဲစဉ်ကို ပွဲထွက်ခွင့်မရခဲ့ပါဘူး။

အာဆင်နယ်အသင်းရဲ့ ဩဂုတ်လ တစ်လတာ အကောင်းဆုံး ကစားသမားဆု ဆန်ကာတင် စာရင်းကို ထုတ်ပြန် ကြေညာ လိုက်ရာ အူဘာမီယန်း၊ ဝီးလော့၊ ဆီးဘယ်လော့နဲ့ ဂွမ်ဒူဇီ တို့ ပါဝင်လာခဲ့ပြီး ပရိသတ်များက မဲပေးရွေးချယ်နိုင်ကြပြီ ဖြစ်ပါတယ်။

လီဗာပူးနဲ့ပွဲက ပင်နယ်တီနဲ့ပတ်သတ်ပြီး ဒေးဗစ်လူးဝစ်ကို ဝေဖန်မှုတွေ ရှိနေကြပေမယ့် အမ်မရီကတော့ ထိုကိစ္စကို ကစားသမားနဲ့ များများ မပြောဖြစ်ပဲ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများသာ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အမ်မရီက လူးဝစ်ဟာ ထက်မြက်တဲ့ ကစားသမား ဖြစ်တယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။

အူနိုင်း အမ်မရီ က ဟိုလ်းဒင်းဟာ အာဆင်နယ် U23 အသင်းနဲ့ ပွဲချိန်ပြည့် ကစားနေပြီ ဖြစ်ပေမယ့် စပါးအသင်းနဲ့ မြောက်လန်ဒန် ဒါဘီပွဲမှာတော့ ပါဝင် ကစားဖို့ အဆင်သင့် မဖြစ်သေးကြောင်း နဲ့ တီယာနေး၊ ဘယ်လာရင်တို့ကတော့ နိုင်ငံတကာ ပွဲစဉ်တွေ အပြီးမှာ ပြန်ကစားနိုင်ဖို့ မျှော်မှန်းထားကြောင်း စပါးနဲ့ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်ဟာ ရိုးမားအသင်းမှ တူရကီ တောင်ပံတိုက်စစ်ကြယ်ပွင့် ချန်ဂစ် အန်ဒါစ်ကို ခေါ်ယူဖို့ စောင့်ကြည့်မှုပြုလုပ်နေဆဲဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ကြယ်ပွင့်ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ရာသီတုန်းကလည်း အာဆင်နယ်က နှစ်ကြိမ် ကမ်းလှမ်းမှုပြုလုပ်ခဲ့ဖူးပါတယ်။