မန်နေဂျာဆိုးရှားဟာ ယူနိုက်တက်ထံ တိုက်စစ်သမားဟောင်း အေဘရာဟီမိုဗစ်ကို ပြန်လည်ခေါ်ယူဖို့ မေးခွန်းထုတ်ယူမှုအပေါ် အဖြေပြန်ပေးခဲ့ပါတယ်။

မေဂျာလိဂ်ကလပ် ဂလက်ဆီအသင်းမှာ ကစားနေတဲ့ ဝါရင့်တိုက်စစ်မှူးကြီးက ” ကျွန်တော် ပရီးမီးယားလိဂ်မှာ အလွယ်တကူ အသားကျခဲ့တယ်။ တကယ်လို့ ယူနိုက်တက်က အလိုရှိလာမယ်ဆိုရင်လည်း ကျွန်တော်က အဆင်သင့်ရှိနေဆဲပါ။” လို့ ဒီအပတ်ထဲမှာပဲ ပြောဆိုခဲ့တာပါ။

ယူနိုက်တက်မှာ တိုက်စစ်မှူးရှားပါးနေမှုကြောင့် မိုဗစ်က ကမ်းလှမ်းမှုကို တံခါးဖွင့်ပေးရာက ဆိုးရှားအား မီဒီယာတွေက မေးခွန်းထုတ်ခဲ့ကြတာဖြစ်တယ်။ ဒီနှစ်အကုန်မှာ မေဂျာလိဂ်ကလပ်နဲ့ သက်တမ်းကုန်မယ့် မိုဗစ်ကို ယူနိုက်တက်က ခေါ်ယူခွင့်ရှိမှာလည်းဖြစ်တယ်။ ဒါပေမယ့် မန်နေဂျာဆိုးရှားကတော့ အသက် ၃၇ နှစ်အရွယ် တိုက်စစ်သမားကို ခေါ်ယူဖို့ မဖြစ်နိုင်ကြောင်း ဆိုပါတယ်။

မန်ယူမန်နေဂျာက ပြောရာမှာ ‘ သူ့ကို ခေါ်ယူဖြစ်မယ်လို့ မထင်ပါဘူး။ အသင်းမှာ သူ့ရဲ့အချိန်တွေ ရှိခဲ့ပြီး တကယ်ကို ကောင်းမွန်တဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့သူဖြစ်တယ်။ နောက်လမှာ သူက ၃၈ နှစ်ပြည့်တာ မဟုတ်ပဲ အသက် ၂၈ နှစ်လောက်ဆိုရင်တော့ ခေါ်ယူဖို့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါက အရမ်းခြားနားပါတယ်။

အသင်းမှာ သူ့ရဲ့အကောင်းဆုံး အချိန်တွေ ပိုင်ဆိုင်ခဲ့ပြီး အခုလည်း အကောင်းဆုံး လုပ်နေဆဲပါ။ အသင်းမှာရှိနေစဉ် သူဒဏ်ရာရခဲ့တာကတော့ ကံဆိုးတာပါ။ ကျနော် ဖုန်းနံပါတ်ကို သူသိပါတယ်။ အိမ်ကို အငှားမတင်ရသေးပေမယ့် သူတကယ် စိတ်ဝင်စားပြီး လာချင်ရင်တော့ ကျနော်နဲ့ စကားပြောနိုင်ပါတယ် ‘ လို့ဖြစ်ပါတယ်။

မိုဗစ်ဟာ ယူနိုက်တက်မှာ ကစားခဲ့စဉ်က ပရိသတ်ကြိုက် တိုက်စစ်သမားတစ်ဦး ဖြစ်ခဲ့ပြီး ၅၃ ပွဲအတွင်း ၂၉ ဂိုးထိ သွင်းယူခဲ့တာဖြစ်တယ်။ ဒါပေမယ့်လည်း နောက်ဆုံးရာသီမှာ ဒဏ်ရာပြသနာတွေ ထိုးနှက်ခံခဲ့ရရာက နောက်ဆုံးမှာ မေဂျာလိဂ်ကို ထွက်ခွာသွားခဲ့တာပဲဖြစ်ပါတယ်။

မန်ယူဟာ မိုဗစ်ကို ပြန်လည် ခေါ်ယူဖို့ မဖြစ်နိုင်တော့ပေမယ့်လည်း စမောလင်းကတော့ အသင်းကနေ ထွက်ခွာသွားမှာပါ။ သောကြာနေ့မှာတော့ အင်္ဂလန်သား ခံစစ်မှူးဟာ အပြီးသတ်ကိစ္စတွေ လုပ်ဆောင်ဖို့ ရိုးမားကို လေယာဉ်နဲ့ ထွက်ခွာသွားမှာပဲဖြစ်ပြီး တစ်ရာသီ အငှားထွက်ကစားမှာဖြစ်ပါတယ်။