ကာရေဂါက ယူနိုက်တက်ရဲ့ ဒီရာသီ အဓိက ပြသနာက ဂိုးတွေ မသွင်းယူနိုင်ခြင်း ဖြစ်တယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ မန်ယူဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲ ၅ ပွဲကစားပြီး သွင်းဂိုး ၈ ဂိုးပဲ ရသေးတာဖြစ်ပါတယ်။

တစ်ချိန်က မန်ယူအသင်းရဲ့ ကြယ်ပွင့်ကစားသမားဖြစ်ခဲ့ဖူးသူ ဘရာဇီး ကွင်းလယ်လူ အန်ဒါဆန်ဟာ လက်ရှိ တူရကီမှာ ကစားနေမှုကနေ ဘောလုံးကစားခြင်းက အနားယူပြီဖြစ်ကြောင်း ကြေညာလိုက်ပြီဖြစ်ပါတယ်။ တူရကီကလပ် အဒါနာက မန်ယူကွင်းလယ်လူဟောင်း အန်ဒါဆန်ရဲ့ အနားယူမှုသတင်းကို ထုတ်ပြန်လိုက်တာဖြစ်ပြီး သူဟာ အခုမှ အသက် ၃၁ နှစ်အရွယ်ပဲ ရှိသေးတာဖြစ်တယ်။

မန်ယူအသင်းနဲ့ ကာလရှည် သက်တမ်းတိုးခဲ့တဲ့ ဗဟိုခံစစ်မှူး လင်ဒီအော့ကတော့ သူ့ရဲ့ ရည်မှန်းချက်ဟာ ကလပ်အသင်းနဲ့ ဆုဖလားတွေ အောင်မြင်ဖို့ဖြစ်ပြီး ဒီအတွက်လည်း ကြိုးစား အာရုံစိုက်နေတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

ဒီပွဲမှာ အဓိက ကစားသမားတွေဖြစ်တဲ့ ပေါ့ဘာ၊ မာရှယ်၊ လုရှောတို့ ပါဝင်ကစားနိုင်မလားနဲ့ ယူရိုပါလိဂ်ပွဲမတိုင်ခင် ဒဏ်ရာရသွားခဲ့တဲ့ ဒန်နီရယ်ဂျိမ်းရဲ့ အနေအထားအပေါ် မန်နေဂျာ ဆိုးရှားက ထုတ်ပြောခဲ့တယ်။ သူ့ရဲ့ ပြောဆိုမှုက ကလပ်အသင်းအတွက် သတင်းကောင်း မဟုတ်ခဲ့တာကတော့ သေချာလှပါတယ်။

ဆိုးရှားက ” ပေါ့ဘာနဲ့ မာရှယ် ပြန်ကစားနိုင်မလားဆိုတာ တကယ်ကို မသိပါဘူး။ သူတို့က လေ့ကျင့်ရေးမှာ မပါနိုင်ခဲ့တော့ ပြန်ကစားနိုင်မယ်လို့ မထင်ပါဘူး။ လုရှောကတော့ အဆင်သင့် မဖြစ်သေးပါဘူး။ ဒန်နီရယ်ဂျိမ်းရဲ့ အနေအထားကိုလည်း မသိသေးပါဘူး။ သူလည်း လေ့ကျင့်ရေး မဆင်းနိုင်တာ ရက်အနည်းငယ် ရှိနေပါပြီ။ သူပါဝင်ပေးဖို့ မျှော်လင့်ပေမယ့် မသေသချာပါဘူး။ စနေနေ့မှာ ကစားသမားအားလုံး ပြန်သက်သာမှု အနေအထားကို စောင့်ကြည့်ရပါမယ် ” လို့ ဖြေဆိုပေးခဲ့တယ်။

မန်ယူအသင်း ဒီနွေကမှ ခေါ်ယူထားတဲ့ ယူ-၁၈ ကစားသမားလေး Hannibal Mejbri ဟာ လူငယ်အဆင့်ပွဲမှာ အထူးခြေစွမ်းပြခဲ့တာကြောင့် နောက်ရာသီတွေမှာ စီနီယာအဆင့်ကို သေချာပေါက် ရောက်လိမ့်မယ်လို့ အသင်းပရိသတ်တွေက မှတ်ချက်ပေးနေရပါတယ်။

မန်ယူကစားသမားဟောင်း ဗီရွန်က အသင်းဟောင်းဟာ ဒါဘီပြိုင်ဖက် မန်စီးတီးအသင်းအောက် ရောက်သွားမယ်လို့ လုံးဝ မထင်မိပါကြောင်း ပြောဆိုပါတယ်။ ဆာအဲလက်စ် မရှိတဲ့နောက်ပိုင်း မန်ယူအသင်းဟာ မြို့ခံပြိုင်ဘက် မန်စီးတီးအောက်ကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

မန်ယူဂိုးသမား ဒီဂီယာက မနှစ်က သူ့ရဲ့ လက်စွမ်း ကျဆင်းခဲ့ခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်းက စာချုပ်ကိစ္စကြောင့်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆန်လိုက်ပါတယ်။ ဒီဂီယာဟာ မန်ယူအသင်းနဲ့ ကမ္ဘာလုပ်ခအမြင့်ဆုံး ဂိုးသမားတစ်ဦးရမယ့် လုပ်ခနဲ့ စာချုပ်သစ် ချုပ်နိုင်ခဲ့တာပါ။

ပီအက်ဂျီ အစွန်လူ မူနီယာက ပြင်သစစ်ကလပ်မှာ ပွဲထွက်ခွင့် နည်းပါးနေခြင်းကို စိတ်ပျက်နေပြီး အသင်းပြောင်းဖို့ စကားစလာပါတယ်။ သူ့ကို ခေါ်ယူဖို့ အာဆင်နယ်နဲ့ မန်ယူအသင်းတို့ သတင်းတွေ ထွက်ခဲ့ပြီး ချိတ်ဆက်မှုတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။