မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ဗလင်စီယာနဲ့ပွဲမှာ ကွင်းကို နောက်ကျမှာ ရောက်လာခဲ့ပြီး ပွဲစတင်ချိန်ပါ နောက်ကျခဲ့တဲ့ ကိစ္စကို UEFA က စစ်ဆေးလျက်ရှိကြောင်း သိရပါတယ်။ အဆိုပါဖြစ်အတွက် ယူနိုက်တက်အနေနဲ့ ဒဏ်ငွေ ယူရို တစ်သောင်းအပြင် အသင်းမန်နေဂျာပါ ဆိုင်းငံ့ တစ်ပွဲပယ် ပစ်ဒဏ် ချမှတ်ခံရနိုင်ဖွယ် ရှိပါတယ်။

လက်ရှိ ဝေးစ်လက်ရွေးစင်အသင်းကို ကိုင်တွယ်နေတဲ့ ယူနိုက်တက် ကစားသမားဟောင်းကြီး ရွိုင်ယန်ဂစ်ကတော့ မော်ရင်ညိုအနေနဲ့ ယူနိုက်တက် မန်နေဂျာအလုပ်ကို ဆက်လက် ကြိုးစားသင့်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်အနေနဲ့ ယခုအချိန်မှာ မော်ရင်ညိုကို အလောတကြီး ထုတ်ပယ်လိုက်ပါက နောက် ၂နှစ် ၃နှစ်အကြာမှာလည်း အလားတူ ပြဿနာမျိုး ထပ်မံကြုံတွေ့နိုင်တယ်လို့ ၄င်းက အကြံပြုပါတယ်။

ပေါ့ဘာ၊ မော်ရင်ညိုနဲ့ ယူနိုက်တက် ပြဿနာများက ၄င်းအတွက် ကိစ္စ မရှိကြောင်း ပြင်သစ်နည်းပြ ဒတ်ချန့်က ပြောကြားလိုက်ပါတယ်။ ပြင်သစ်ဟာ ခြားနားတဲ့အသင်းဖြစ်လို့ ပေါ့ဘာအနေနဲ့ အဆင်မပြေမှာ စိုးရိမ်စရာ မရှိဘူးလို့ ဆိုပါတယ်။

ဘာစီလိုနာကို ရှုံးနိမ့်သွားပေမယ့် စပါးအသင်း မန်နေဂျာ ပိုချက်တီနိုကတော့ ကစားသမားတွေကို သူရဲကောင်းတွေအဖြစ် ချီးကျူးတင်စားလိုက်ပါတယ်။ အဆိုပါပွဲစဉ်မှာ စပါးဟာ ဘာစီလိုနာကို ၂ဂိုးရှုံးကနေ ပြန်လာနိုင်လုနီးပါး ရှိခဲ့ပါတယ်။

အင်္ဂလန်အသင်းရဲ့ လာမယ့်နိုင်ငံပွဲတွေဖြစ်တဲ့ ခရိုအေးရှား၊ စပိန်တို့နဲ့ ပွဲစဉ်အတွက် ဆောက်ဂိတ်ရွေးချယ်လိုက်တဲ့ အင်္ဂလန်အသင်းမှာ စပါးကစားသမား ၅ ယောက်ထိ ပါဝင်နေပါတယ်။ သူတို့ကတော့ ကိန်း၊ ဒိုင်ယာ၊ ဒန်နီ ရို့စ်၊ ထရစ်ပီယာ၊ ဟယ်ရီဝင့် တို့ ဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် စပါးကွင်းလယ်ကစားသမား ဟယ်ရီဝင့်က အင်္ဂလန်အသင်းအတွက် ပြန်လည် ရွေးချယ်ခံရခြင်းအပေါ် မယုံနိုင်လောက်အောင် ပျော်ရွှင်ပြီး ဂုဏ်ယူနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လီဗာပူးအသင်းမှလည်း ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းအတွက် ကစားသမား ၃ ယောက် ရွေးချယ်ခေါ်ယူခံထားရပြီး ဟန်ဒါဆန်၊ ဂိုမက်ဇ်နဲ့ ထရန့် အလက်ဇန္ဒါး အာနိုးတို့ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ နာပိုလီကို ရှုံးနိမ့်ခဲ့ပြီးနောက် ပွဲကြပ်များ ဆက်တိုက်ကန်နေရခြင်းအပေါ် ဆင်ခြေအဖြစ် သုံးမှာ မဟုတ်ဘဲ လာမယ့် တနင်္ဂနွေနေ့ မန်စီးတီးနဲ့ပွဲစဉ်မှာ ရာနှုန်းပြည့် ခြားနားတဲ့ ပွဲတစ်ခုအဖြစ် ကစားသွားမယ်လို့ မန်နေဂျာ ယာဂင်ကလော့ပ်က ဆိုပါတယ်။

လက်ရှိဘောလုံးရာသီစတည်းက ပုံစံကောင်းတွေနဲ့ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေတဲ့ ကစားသမား ၄ ယောက်ကို ဂယ်ရီနဗီးလ်က ထုတ်ဖော်ပြောကြားလိုက်ရာ လီဗာပူး ကစားသမား ၂ ယောက်ပါဝင်နေပါတယ်။ အဆိုပါ ကစားသမား ၄ ယောက်ကတော့ ဂျိမ်းစ် မေနာ၊ ဗန်ဒိုက်၊ လုခ် ရှောနဲ့ ဟာဇက်တို့ ဖြစ်ပါတယ်။

မန်စီးတီးတိုက်စစ်မှူး စတားလင်းဟာ အသင်းဟောင်း လီဗာပူးနဲ့ ဆုံတွေ့စဉ်မှာ အသည်းခွဲနိုင်လောက်အောင် ပိုမိုကောင်းမွန် ရင့်ကျက်တဲ့ ကစားသမား ဖြစ်နေပြီလို့ ပရီးမီးယားလိဂ် ခံစစ်မှူးဟောင်းကြီး Danny Higginbotham က Sky Sports မှာ သုံးသပ်ထားပါတယ်။

မန်စီးတီးအကယ်ဒမီထွက် ဒေါ့မွန်တိုက်စစ်မှူး ဆန်ချိုဟာ ပထမဆုံးအကြိမ်အဖြစ် ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းမှာ ရွေးချယ်ခံလိုက်ရပါတယ်။ ပြီးခဲ့တဲ့နှစ်က စီးတီးရဲ့ ပရော်ဖက်ရှင်နယ်စာချုပ်ကို ငြင်းဆန်ကာ အသင်းကထွက်ခွာခဲ့တဲ့ အင်္ဂလန်လူငယ်တိုက်စစ်မှူးလေးရဲ့ စွန့်စားမှုက အရာထင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

မန်စီးတီး ကစားသမား နှစ်ယောက်ဖြစ်တဲ့ မာရက်ဇ်နဲ့ မန်ဒီ နှစ်ယောက်လုံးနဲ့ လတ်တလောပြုလုပ်ခဲ့တဲ့ ပြင်သစ်မဂဇင်း Onze Mondial နဲ့ အင်တာဗျူးမှာ ကစားသမားနှစ်ယောက်လုံးက စီးတီးအသင်း မန်နေဂျာ ဂွာဒီယိုလာကို လေးစားစွာ ချီးကျူးမှုတွေ ပြုလုပ်သွားပါတယ်။

ချယ်ဆီးနည်းပြ ဆာရီက ကွင်းလယ်ကစားသမား Loftus-Cheek ကို ကစားသမားတစ်ယောက်အနေနဲ့ ဖိအားတွေကို အကျွမ်းတ၀င် လက်ခံဖြေရှင်းနိုင်ဖို့ ပြင်ဆင်ထားသင့်တယ်လို့ အကြံပေးစကား ဆိုထားကြောင်း သိရပါတယ်။

ဟာဇက်ရဲ့ ခြေစွမ်း အမြင့်ဆုံးအဆင့်ရောက်နေကြောင်းကို Whoscored.com က ရာသီအလိုက် အချက်အလက်များနဲ့ အခုလို ပြင်ဆင် ဖော်ပြပေးထားပါတယ်။ ၈၁ မိနစ်တိုင်း တစ်ဂိုးရနေတဲ့ ဟာဇက်ဟာ ချယ်ဆီးအတွက် ပွဲတိုင်း ဂိုးသွင်းနေတဲ့ အမြင့်ဆုံးခြေစွမ်းကို ရောက်ရှိနေပါတယ်။