မန်ချက်စတာစီးတီးအသင်းဟာ အက်ဖ်အေဖလားပွဲစဉ်မှာ ရိုသာဟမ် ယူနိုက်တက်အသင်းကို ၇ ဂိုးသွင်းပြီး စတုတ္ထအဆင့်ဆီ တက်လှမ်းသွားပြီ ဖြစ်ပါတယ်။ မန်စီးတီးအသင်းအတွက် ဂိုးတွေကို စတားလင်း (၁၂ မိနစ်)၊ ဖိုဒန် (၄၃ မိနစ်)၊ အဂျေရီ (၄၅ မိနစ် OG)၊ ဂျီးဆု (၅၂ မိနစ်)၊ မာရက်ဇ် (၇၃ မိနစ်)၊ အော်တာမန်ဒီ (၇၈ မိနစ်) နဲ့ ဆာနေး (၈၅ မိနစ်) တို့ အသီးသီး သွင်းယူခဲ့ပါတယ်။

ရိုသာဟမ် ယူနိုက်တက်နဲ့ပွဲမှာ ပွဲချိန် ၆၇ မိနစ်ထိ ဒီဘရိုင်း ပါဝင်ကစားခဲ့ပေမယ့် မန်စီးတီး ဆေးအဖွဲ့တွေဟာ ကွင်းလယ်ကစားသမား ဒီဘရိုင်းရဲ့ အခြေအနေကို နေ့စဉ် စစ်ဆေး စောင့်ကြည့်နေရဆဲ ဖြစ်ပါတယ်။ ဒီဘရိုင်းဟာ ကြံ့ခိုင်မှုအပြည့်အ၀နဲ့ ပြန်လာဖို့က နောက်လလောက်မှသာ ဖြစ်နိုင်ပြီး ဖေဖော်ဝါရီလအတွင်း ရှော်လ်ကေးနဲ့ ချန်ပီယံလိဂ်ပွဲမှာ ဒီဘရိုင်း အကောင်းဆုံး ပုံစံနဲ့ ပါဝင်နိုင်ဖို့ ဂွာဒီယိုလာက မျှော်လင့်နေပါတယ်။

မန်စီးတီးလူငယ်ကစားသမား ဖီးလ် ဖိုဒန်ကို အငှားချဖို့ အစီအစဉ် ရှိ မရှိ မေးမြန်းရာမှာ ဂွာဒီယိုလာက – “အငှား မလွှတ်ဘူး.. အဲဒီကိစ္စ ဖြစ်လည်း မဖြစ်လာနိုင်ဘူး.. သူက ကျနော်တို့နဲ့ နှစ်တွေ အများကြီး အများကြီး အလုပ်လုပ် ရှိနေဦးမှာ။” လို့ ငြင်းဆန်ခဲ့ပါတယ်။

ယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့ ပစ်မှတ်ထားနေတဲ့ ပေါ်တိုအသင်းမှ လူငယ်ခံစစ်မှူး Eder Militao ကို ခေါ်ယူလိုတဲ့အသင်းတွေထဲမှာ ရီးရဲလ်မက်ဒရစ်ပါ ပါဝင်လာပါတယ်။ ဘရာဇီးသား လူငယ်လေးရဲ့ လက်ရှိစာချုပ်အရ အသင်းက ထွက်ခွာလိုရင် ပြောင်းရွှေ့ကြေး ပေါင် ၄၂.၅ သန်း သုံးရဖို့ ပါရှိထားပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းသားတွေက နွေးထွေးတဲ့ရာသီဥတု ရှိရာ ဒူဘိုင်းမှာ တစ်ပတ်တာမျှ လေ့ကျင့်ရေးလုပ်ကြဖို့ ထွက်ခွာခဲ့ကြပြီ ဖြစ်ပြီး ကွင်းလယ်ကစားသမား ပေါ့ဘာတော့ လိုက်ပါသွားခြင်း မရှိပါဘူး။ ပေါ့ဘာဟာ နယူးကာဆယ်နဲ့ပွဲမှာ ထိခိုက်ဒဏ်ရာ ရခဲ့ပြီး အပြည့်အ၀ သက်သာလာတာ မရှိသေးတဲ့အတွက် ချန်ရစ်ခဲ့ခြင်း ဖြစ်ပြီး မကြာခင်လိုက်ပါလာနိုင်မယ် ယူဆရကြောင်း ယူနိုက်တက်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ရက်ဒင်းနဲ့ပွဲမှာ ကစားသွားခဲ့တဲ့ ဒါမီးယန်းကို ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ထုတ်ဖော်ချီးကျူးမှုတွေ ပြုလုပ်သွားပါတယ်။ ‘သူက အီတလီသား ဖြစ်တယ်.. ညင်သာတဲ့သူ ဖြစ်သလို ဘောလုံးနဲ့အတူ သိပ်အေးဆေးတယ်။ သူက အသင်းကို ပွဲအတွင်း အထိုင်ကျအောင် အကြိမ်ရေတချို့ လုပ်ပေးနိုင်ခဲ့တယ်.. ဘောလုံးပေးပို့ဖို့လည်း လုပ်ပေးတယ်.. သူ အပေးမှားတာ ကျနော် မြင်တောင် မမြင်မိဘူး။’ လို့ ဆိုးလ်ရှားက ဆိုပါတယ်။

အက်ဖ်အေလားမှာ ဗိုလ်စွဲရင်တောင် လီဗာပူးအတွက် လုံလောက်မှာ မဟုတ်ဘဲ ဝေဖန်မှုတွေ ရပ်တန့်သွားမှာ မဟုတ်ကြောင်း လီဗာပူးအသင်း မန်နေဂျာ ယာဂင်ကလော့ပ်က ၀န်ခံပြောကြားလိုက်ပါတယ်။ အက်ဖ်အေဖလားက အရေးကြီးတဲ့ ပြိုင်ပွဲ ဖြစ်တဲ့အပြင် ဗိုလ်စွဲဖို့ ကြိုးစားမှာ ဖြစ်ပေမယ့် လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ဗိုလ်စွဲဖို့လည်း လိုအပ်တယ်လို့ ကလော့ပ်က ဆိုပါတယ်။

အယ်လစ်ဆန်လို့ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ယောက် အသင်းမှာ ရှိနေတာ မလွယ်ကူကြောင်း လီဗာပူး ဂိုးသမား ဆိုင်မွန် မင်ညိုလတ်က ၀န်ခံပြောကြားလိုက်ပါတယ်။ ‘ဒါက ဘယ်လွယ်လိမ့်မလဲ။ ကျနော် အရင်က ပြောဖူးပါတယ်.. (အရန်ခုံမှာ ထိုင်နေရတာ) ကျနော် လုပ်ချင်တဲ့ကိစ္စ မဟုတ်နေတောင် ကျနော် မပါဘဲ အသင်းက ကောင်းကောင်းမွန် ရှိနေတာ ဖြစ်တဲ့အတွက် အသင်းကို အကောင်းဆုံး ကူညီ ဖြည့်ဆည်းပေးနိုင်ဖို့သာ ကြိုးစားရမှာပါ။’ လို့ မင်ညိုလတ်က ပြောကြားခဲ့ပါတယ်။

ဝုဗ်နဲ့ အက်ဖ်အေဖလားပွဲစဉ်က ပေါပေါပဲပဲ မဟုတ်ဘဲ ဆုဖလား တစ်ခု ဆွတ်ခူးနိုင်မယ့် အခွင့်အရေးဖြစ်တယ်လို့ လီဗာပူးလူငယ်ခံစစ်မှူး ထရန့် အလက်ဇန္ဒါးအာနိုးက ပြောကြားလိုက်ပါတယ်။ လီဗာပူးမှာ ရှိတဲ့သူတိုင်းက အောင်မြင်မှုတွေ ရချင်နေကြပြီဖြစ်ကာ အသင်းအနေနဲ့ ၀ုဗ်အသင်းဆီ ပြိုင်ပွဲက ထွက်ခွာဖို့ သွားကြမှာ မဟုတ်ကြောင်းနဲ့ နိုင်ပွဲအတွက် ကစားကြမှာ ဖြစ်တယ်လို့ ၄င်းက ဆိုခဲ့ပါတယ်။

နောတင်ဟမ်ဖောရက်စ်နဲ့ ပွဲ မတိုင်ခင်မှာ ချယ်ဆီးလက်ထောက် နည်းပြ ဇိုလာကိုယ်တိုင် လူသိရှင်ကြား ထုတ်ပြောပြီး ၄င်းရဲ့ ဂိုးသွင်း စွမ်းရည်ကို မေးခွန်းထုတ်ခံခဲ့ရပြီးနောက် ချယ်ဆီးတိုက်စစ်မှူး မိုရာတာဟာ နော်တင်ဟမ်ဖောရက်စ်ကို ၂ ဂိုးသွင်းပြီး ဝေဖန်မှုတွေကို တုန့်ပြန်ခဲ့ပါတယ်။ ဂိုးများအပြီးမှာ ပျော်ရွှင်စွာ အောင်ပွဲခံမှု မတွေ့ရတဲ့အတွက် မိုရာတာတစ်ယောက် အပြောဆိုခံရမှုတွေကို ခံစားနေဆဲလို့ ယူဆရကြောင်း Marca သတင်းမှာ သုံးသပ်သွားပါတယ်။

ဇန်န၀ါရီ အပြောင်းအရွှေ့မှာ ချယ်ဆီးပစ်မှတ်ထားနေတဲ့ ဘုန်းမောက်အသင်း တိုက်စစ်မှူး ကော်လန်ဝီလ်ဆန်နဲ့ အပြောင်းအရွှေ့က သိပ်ပြီး ဖြစ်နိုင်ချေ မရှိတော့ပါဘူး။ ဘုန်းမောက်အသင်းဘက်က ဒီဖိုးကို ရိန်းဂျားစ်အသင်းဆီ အငှားချလိုက်တဲ့အပြင် တိုက်စစ်မှူးသစ် ဆိုလန်ကီကလည်း ဖေဖော်ဝါရီမှသာ ကစားမှာ ဖြစ်တာကြောင်း ဘုန်းမောက်နည်းပြ ဟိုဝီက သူ့ရဲ့ တိုက်စစ်မှူးကို ထုတ်မရောင်းဖို့ များသွားပါပြီ။

ချယ်ဆီးအသင်းဘက်က မိုရာတာရဲ့ သွင်းဂိုးတွေအပေါ် အားမရ ဖြစ်နေပေမယ့် မိုရာတာအတွက် ကမ်းလှမ်းမှုတွေက တဖွဲဖွဲ ရရှိနေပါတယ်။ ချယ်ဆီးတိုက်စစ်မှူးကို ဆီဗီလာက စိတ်ဝင်စားနေတဲ့အပြင် ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်အသင်းတို့ကလည်း ဒီသီတင်းပတ်ထဲမှာ စုံစမ်းမေးမြန်းမှု ပြုလုပ်ထားပါတယ်။

အာဆင်နယ်ပစ်မှတ်ကစားသမား ဘာစီလိုနာမှ ဒန်းနစ်ဆွာရက်စ်ဟာ အမ်မရီနဲ့ ဆီဗီလာမှာ ဆုံခဲ့ဖူးပြီး ဆရာဟောင်း အူနိုင်းအမ်မရီက ကမ္ဘာပေါ် အကောင်းဆုံး နည်းပြတွေထဲက တစ်ယောက်ဖြစ်ကြောင်း UEFA ၀က်ဘ်ဆိုဒ်မှတဆင့် ဆွာရက်စ်က ပြောကြားလိုက်ပါတယ်။ အမ်မရီအတွက် တစ်နှစ်တာ ကစားပေးခဲ့ဖူးပြီး တကယ် ပျော်ရွှင်ခဲ့ရတယ်လို့ ၄င်းက ဆိုပါတယ်။

ဝက်စ်ဟမ်းအသင်းမှာ ကစားနေပြီဖြစ်တဲ့ အာဆင်နယ်ကစားသမားဟောင်း နာဆရီဟာ နောက်တစ်ပတ် ၀က်စ်ဟမ်းနဲ့ အာဆင်နယ် ထိပ်တိုက် တွေ့မယ့် ပရီမီးယားလိဂ်ပွဲမှာ ပါဝင်ကစားဖွယ် ရှိကြောင်း နည်းပြ ပယ်လီဂယ်ရီနီက ဆိုပါတယ်။ နာဆရီက ဒီတပတ် ဘာမင်ဟမ်အသင်းနဲ့ အက်ဖ်အေပွဲစဉ်မှာ ပါဝင် ကစားခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက ဇန်န၀ါရီ အပြောင်းအရွှေ့မှာ အသင်းအနေနဲ့ ကစားသမားအင်အားဖြည့်တင်းမှုများ ပြုလုပ်နိုင်မယ် မျှော်လင့်ကြောင်း ၄င်း ဆန္ဒကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အမ်မရီ အလိုရှိနေတာက ဗဟိုခံစစ်မှူး တစ်ယောက်နဲ့ တောင်ပံတိုက်စစ်မှူး နေရာ အင်အားဖြည့်လိုနေတာပါ။

တော့တင်ဟမ်စပါးအသင်းဟာ ၄င်းတို့ရဲ့ ကွင်းသစ်ကြီးကို နောက်ဆုံးမှာ မတ်လအတွင်း ခရစ္စတယ်ပဲလေ့စ်နဲ့ လန်ဒန်ဒါဘီပွဲမှာ စတင်ဖွင့်လှစ် ကစားဖို့ စီစဉ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပွဲစဉ်က မတ်လ ၁၆ ရက်နေ့မှာ ယှဉ်ပြိုင်ကစားကြမှာပါ။

အာရှဖလားအတွက် နိုင်ငံအသင်းနဲ့ပူးပေါင်းဖို့ ထွက်ခွာတော့မယ့် စပါးတိုက်စစ်မှူး ဆွန်ယောင်မင်ကို တော့တင်ဟမ် စပါးအသင်းက လွမ်းဆွတ်နေရလိမ့်မယ်လို့ ဆွန်ရဲ့ အသင်းဖော် အလီက ပြောကြားလိုက်ပါတယ်။ အသက် ၂၆ နှစ်အရွယ် တောင်ကိုရီးယားလက်ရွေးစင် တိုက်စစ်မှူးဟာ စပါးအတွက် နောက်ဆုံး ၁၀ပွဲမှာ ၉ ဂိုး သွင်းယူထားပါတယ်။