ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ ဘာစီလိုနာအတွက် သွင်းဂိုး ၂ ဂိုး သွင်းယူပေးသွားခဲ့တဲ့ တိုက်စစ်မှူး လီယွန်နယ်မက်ဆီက လီဗာပူးကို ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့အတွက် ကျေနပ်ပေမယ့် ပြိုင်ပွဲက မပြီးဆုံးသေးကြောင်း အသင်းဖော်တွေကို သတိပေးသွားခဲ့ပါတယ်။

ဘာစီလိုနာက လီဗာပူးကို ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ တတိယဂိုးကို တည်ကန်ဘောကနေ သွင်းယူခဲ့တဲ့ မက်ဆီဟာ ဘာစီလိုနာအတွက် ကလပ်သွင်းဂိုး ၆၀၀ ပြည့်မြောက်သွားခဲ့ပြီး သမိုင်းမှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်ခဲ့ပါတယ်။

မက်ဆီဟာ ဒုတိယသွင်းဂိုးကိုလည်း ဆွာရက်စ်ရဲ့ ပိတ်သွင်းမှု ဘားတန်ထိ ပြန်ထွက်လာတာကနေ သွင်းယူနိုင်ခဲ့ပါသေးတယ်။

ပွဲအပြီးမှာ “ ကျနော်တို့ ဂိုးတွေထပ်ရဖို့ အခွင့်အရေးတွေ အများကြီး ရခဲ့ပါတယ်။ ဒါပေမယ့် ဒီည ရလဒ်အတွက် ကျနော်တို့ ပျော်ရွှင်ရမှာပါ၊ ပွဲမပြီးသေးဘူးဆိုတာ ကျနော်တို့ သိထားပါတယ်။ ဒုတိယအကျော့အဖြစ် လီဗာပူးကွင်းမှာ သွားကစားရဖို့ ရှိနေပါသေးတယ်။

ကျနော်တို့ ကစားခဲ့တဲ့ပွဲက အတော်လေးလည်း ပြိုင်ဆိုင်မှု ပြင်းထန်ပါတယ်။ လီဗာပူးက သူတို့ပုံစံအတိုင်း တန်ပြန်တိုက်စစ်တွေနဲ့ အကောင်းဆုံး ကစားခဲ့ပြီး ကြံ့ခိုင်မှုအသားပေး ပွဲတစ်ပွဲလည်းဖြစ်တယ်။ အခု ကျနော်တို့ ပင်ပန်းနေကြပြီဖြစ်ပေမယ့် ဒုတိယအကျော့မှာလည်း အကောင်းဆုံး ယှဉ်ပြိုင်ရပါမယ်။

ပထမပိုင်းမှာ ကျနော်တို့ ကစားပုံ ကောင်းခဲ့ပြီး လီဗာပူးက ဒုတိယပိုင်းမှာ ကစားပုံကောင်းပါတယ်။ အပိုင်အခွင့်အရေးတွေလည်း ရခဲ့တယ်။ လီဗာပူးရဲ့ ကောင်တာတိုက်စစ်ကို ကျနော်တို့ ဟန့်တားနိုင်ခဲ့ပြီး ဖရီးကစ်ကနေ ဂိုးရခဲ့တာတော့ ကံကောင်းပါတယ် ” လို့ ဆိုခဲ့ပါတယ်။