ဒီအပတ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အတွက် အကောင်းဆုံး ကစားသမားဆုကိုတော့ စပါးအသင်းမှ တိုက်စစ်သမား လူးကပ်မော်ရာက ရရှိသွားပါတယ်။

ဒီအပတ် အကောင်းဆုံးဆုအတွက် ဆန်ကာတင် စာရင်းမှာ ဘာစီလိုနာအသင်းကို ၄ ဂိုးပြတ် အနိုင်ယူခဲ့တဲ့ လီဗာပူးအတွက် သွင်းဂိုး ၂ ဂိုးစီ သွင်းပေးခဲ့တဲ့ အိုရီဂီနဲ့ ဝိုင်နယ်ဒမ် တို့လည်း ပါဝင်ခဲ့တာပါ။ ဒါပေမယ့် PSG ကစားသမားဟောင်း မော်ရာဟာ ဒီအပတ်ရဲ့ ယူအီးအက်ဖ်အေက ပေးအပ်တဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။

ဒီအပတ် အကောင်းဆုံး ကစားသမား စာရင်းမှာတော့ လီဗာပူးက အာနိုး၊ အိုရီဂီ၊ ဝိုင်နယ်ဒမ်အပြင် စပါးမှ ဆစ်ဆိုခိုလည်း ပါဝင်ခဲ့ပါသေးတယ်။ မော်ရာဟာ ချန်ပီယံလိဂ်သမိုင်းမှာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်မှာ hat-trick သွင်းတဲ့ ဘရာဇီးသားဖြစ်တယ်လို့လည်း သိရတယ်။

အေဂျက်စ်အသင်းရဲ့ ၂ ဂိုးပြတ် ဦးဆောင်မှုကို ဒုတိယပိုင်းမှာ ၃ ဂိုးသွင်းကာ စပါးကို ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် ပို့ဆောင်ပေးနိုင်ခဲ့တဲ့ မော်ရာဟာ ဒီရာသီအတွင်း ဒီဆုကိုရတဲ့ ဒုတိယမြောက် စပါးအသင်းသားလည်း ဖြစ်ပါတယ်။

စပါးနည်းပြပိုချက်တီနိုက အသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရောက်အောင် စွမ်းဆောင်ပေးခဲ့တဲ့ မော်ရာကို စူပါဟီးရိုးတစ်ယောက်လို့ ချီးကျူးခဲ့ပြီး ကစားသမားကလည်း ပျော်ရွှင်မိတယ်လို့ ယူအီးအက်ဖ်အေကို ဖြေဆိုခဲ့ပါသေးတယ်။