မန်ယူအသင်းဟာ ဒီလစ်ရဲ့ ဖခင်ဖြစ်သူဟာ အဝလွန်နေတာကြောင့် သားဖြစ်သူကလည်း ဖခင်လို ဖြစ်လာမယ်လို့ စိုးရိမ်ပြီး မနှစ်တုန်းက ဒီလစ်အား ဈေးပေါပေါနဲ့ ခေါ်ယူခွင့်အား ပယ်ချခဲ့တယ်လို့ သိရပါတယ်။

ကလပ်အသင်း ကင်းထောက်တွေက ဒီလစ်ကို ဆက်တိုက် စောင့်ကြည့်နေခဲ့ချိန်မှာ ကစားသမားရဲ့ ဖွံ့ဖြိုးမှုကို အသင်း ကင်းထောက်က သံသယရှိခဲ့တာပါ။ ဒီလစ်ဟာ ဖခင်ဖြစ်သူလို မျိုးရိုးလိုက်ပြီး အဝလွန်လာခဲ့ရင် ကွင်းအတွင်း စွမ်းဆောင်ရည်တွေ ထိခိုက်မယ်လို့ ကင်းထောက်က ယုံကြည်ခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ် နယ်သာလန်လက်ရွေးစင် ဒီလစ်ဟာ ဒီရာသီမှာ အေဂျက်နဲ့အတူ အထူးခြေစွမ်းပြနေပြီး ဥရောပအသင်းကြီးတွေရဲ့ ထိပ်တန်ပစ်မှတ်ဖြစ်လာနေတယ်။ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာလည်း အကောင်းဆုံးပုံစံနဲ့ အသင်းကို ဦးဆောင်ကာ ကစားနိုင်ခဲ့ပါတယ်။

ဒီလစ်ဟာ အသက် ၁၆ နှစ်အရွယ်မှာတင် အေဂျက်အတွက် စတင်ကာ ကစားပေးမှုတွေ လုပ်လာခဲ့ပြီး လက်ရှိမှာ ပြိုင်ပွဲစုံ ၁၀၀ ကျော်ထိ ကစားပေးထားပြီလည်းဖြစ်တယ်။ ဒီရာသီ ပြည်တွင်း ပြည်ပမှာ ပြသနေတဲ့ အေဂျက်ရဲ့ ခြေစွမ်းနဲ့ ဒီလစ်ရဲ့ ဦးဆောင်နိုင်မှုတွေကြောင့် နယ်သာလန်သားလေးဟာ ဥရောပရဲ့ ထိပ်တန်း ဗဟိုခံစစ်သမား ဖြစ်လာမယ်လို့ အမှတ်ကောင်းပေးခြင်း ခံထားရသူဖြစ်ပါတယ်။

အေဂျက်ရဲ့ ပင်မသွေးကြော ကစားသမားတွေထဲက တစ်ဦးဖြစ်သူကို ဒီရာသီမှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်လို အသင်းတွေက ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။ သူ့ရဲ့အေးဂျင် ရိုင်အိုလာကို ဖီဖာက အပြောင်းအရွှေ့တွေမှာ ပါဝင်ခွင့် သုံးလ ပိတ်ခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ဒီလစ်ရဲ့ အနာဂတ် အပြောင်းအရွှေ့ ကိစ္စတွေကို ထိခိုက်မှု ရှိလာနိုင်ပါတယ်။