ချယ်ဆီးတိုက်စစ်မှူးဟောင်း ဟမ်ဆယ်ဘယ်လ် က ၄င်းကလပ်အသင်းဟောင်းမှာ ဂိုးသွင်းကောင်းတဲ့ ကျောနံပါတ် ၉ တိုက်စစ်မှူး တစ်ယောက် ခေါ်ယူဖို့ လိုအပ်နေကြောင်း ထောက်ပြခဲ့ပါတယ်။ ၄င်းက တိုက်စစ်မှူး ဂျီရူးကို တခါတရံ သဘောကျကြောင်း ၀န်ခံလိုက်ပြီး ဂျီရူးကို ပရိသတ်များ ဆက်ဆံမှုတွေက မမျှတဘူး ခံစားမိကြောင်း ၀န်ခံပြောဆိုခဲ့ပါတယ်။

ဂျှူဗင်တပ် အသင်းက နည်းပြ ဆာရီအတွက် ပေါင် ၅ သန်း ပေးလျော်ကာ ခေါ်ယူမယ်ဆိုပါက ချယ်ဆီးအသင်းဘက်က တားဆီးမှာ မဟုတ်ကြောင်း သိရပါတယ်။

ချယ်ဆီးနဲ့ အာဆင်နယ် တို့ဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲအတွက် လက်မှတ်ခွဲတမ်း ၆၀၀၀ စီရခဲ့ပေမယ့် လက်မှတ် ထက်ဝက်ကို ရောင်း မကုန်ခဲ့တာကြောင့် ယူအီးအက်ဖ်အေကို ပြန်အပ်သွားတော့မှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ် ဗိုလ်စွဲမှကို ချန်ပီယံလိဂ် ၀င်ခွင့်ရမှာ ဖြစ်တဲ့ တွန်းအား ရှိနေတာကြောင့် စိတ်ဓာတ်ရေးရာ အသာစီး ရထားကြောင်း ချယ်ဆီးနည်းပြ ဆာရီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ချယ်ဆီးမှာ အငှားကစားခဲ့ရာ အောင်မြင်မှု မရခဲ့ပေမယ့် တိုက်စစ်မှူး ဟီဂူအင်က ဆာရီနဲ့အတူ ဂျူဗင်တပ်သို့ ပြန်သွားလိုနေပြီး ရိုနယ်ဒိုနဲ့ အတူ ကစားခွင့်ရဖို့ စိတ်အားထက်သန်နေပါတယ်။

ချယ်ဆီးနည်းပြဟောင်း ကွန်တီဟာ အင်တာမီလန်ကိုသာ ကိုင်တွယ်ဖြစ်ရင် ပထမဆုံး ခေါ်ယူမယ့် ကစားသမားက မန်ယူ တိုက်စစ်မှူး လူကာကူ ဖြစ်ပြီး ယခင် ချယ်ဆီးမှာ လက်တွဲဖူးတဲ့ ဗစ်တာမော့ဆက်ကိုပါ ခေါ်ယူဖို့ ကြံရွယ်နေပါတယ်။

ချယ်ဆီးကစားသမားဟောင်းကြီး ဂျွန်တယ်ရီဟာ မစ်ဒယ်ဘရော့အသင်းကို နည်းပြ အဖြစ် ကိုင်တွယ်ဖို့ ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။ ၄င်းဟာ လက်ရှိ အက်စတွန်ဗီလာအသင်းရဲ့ လက်ထောက်နည်းပြ အဖြစ် တာဝန်ယူထားတာပါ။