ဝက်ဖိုဒ့်နဲ့ပွဲမှာ တိုက်စစ်သမားတွေ တောက်ပခြင်းနဲ့အတူ လီဗာပူးပရိသတ်တွေ မြင်တွေ့ခဲ့ရတဲ့ ကိစ္စ (၅) ရပ်ကို ကောက်နုတ် ဖော်ပြမှာ ဖြစ်ပါတယ်။

ဂိုးပြန်မြူးခဲ့တဲ့ ဘော်ဘီ

ဘော်ဘီကို ဘောလုံးပေးလိုက်ရင် သူ ဂိုးသွင်းပြပါလိမ့်မယ်ဆိုတဲ့ သံစဉ်အတိုင်းပါပဲ။ ဘော်ဘီက ဒီရာသီမှာ ဂိုးတွေ သွင်းမှာပါ။ မနှစ်က ရာသီထက်တောင် ပိုများမှာပါ။

သူဟာ မနှစ်က ၄၈ ပွဲမှာ ၉ ဂိုး သွင်းယူခဲ့ပေမယ့် ဒီရာသီ ၇ ပွဲမှာ ၆ ဂိုး ရထားပြီး ဖြစ်ပါတယ်။ ဒီနှုန်းအတိုင်းဆိုရင် ဒီရာသီမှာ ၄၁ ဂိုးလောက်အထိ မျှော်လင့်လို့ရပါတယ်။ အဲ့လောက်တော့ မဖြစ်နိုင်ပေမယ့် ဘော်ဘီဟာ မနှစ်ကထက် ဒီရာသီမှာ ပိုပြီးတော့ အဆင့်မြင့်ဆုံး နေရာတွေမှာ ဂိုးတွေအများကြီး ရလိမ့်မယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။

သူ့ရဲ့ ပထမဆုံးဂိုးက ၄ ကိုက်အတွင်း အနီးကပ် ပိတ်သွင်းခဲ့တာ ဒုတိယဂိုးကလည်း အလားတူဖြစ်သလို နောက်ဆုံ းဟက်ထရစ်ဖြစ်စေခဲ့တဲ့ ဂိုးဆိုရင် ပိုပြီးတော့တောင် နီးကပ်တဲ့ နေရာကနေ သွင်းယူခဲ့တာပါ။ နောဝစ်ချ်နဲ့ပွဲက သူ့ရဲ့ ဂိုးဟာ ၆ ကိုက်စည်းနောက်နားကနေ ကန်သွင်းခဲ့တာဖြစ်ပြီး ပေါ်တိုနဲ့ပွဲက ဂိုးကတော့ အလားတူ အကွာအဝေးကနေပဲ လမ်းကြောင်းပြောင်းပြီး ဝင်သွားခဲ့တာ ဖြစ်ပါတယ်။

ဖန်တီးရှင်တစ်ဦးအဖြစ် နာမည်ကြီးခဲ့တဲ့ နံပါတ် ၉ တိုက်စစ်မှူးဟာ ဧရိယာထဲမှာ နေရာယူမှန်ဖို့သာလိုပြီး ဒီလိုမျိုး အသင့်စောင့်ပြီး အဆုံးသတ် ပိတ်သွင်းယူရတဲ့ နေရာမျိုးတွေမှာလည်း ကောင်းကောင်း လုပ်ပြခဲ့ပါတယ်။

ဆာလာ VS ရို့စ်၊ ဆာလာ VS ကမ္ဘာ

လီဗာပူးက ဒီနှစ်မှာ ချန်ပီယံလိဂ်ရခဲ့မယ်ဆိုရင် နောက်နှစ် ဘလွန်းဒီအောက ဆာလာအတွက်ပါပဲ။ သနားစရာကောင်းတဲ့ ဒန်နီရို့စ်ကတော့ ဆာလာကြောင့် ကြောင်ပျောက်ခဲ့ရပြီး အဖွင့်ဂိုးအတွက် အပါအဝင် ဆာလာက ၃ ကြိမ်တိုင် သူ့ကို အနိုင်ယူခဲ့သလို ပထမမိနစ် ၂၀ အတွင်းမှာပဲ ရိုစ့်ဟာ ကျရှုံးခဲ့ရသူ ဖြစ်သွားပါတယ်။

ဝက်ဖို့ဒ်ဟာ ဆစ်ဆိုကို၊ မာဆီနာအပြင် အသင်းတစ်ဝက်လောက်နဲ့ ဆာလာကို ထိန်းဖို့ကြိုးစားခဲ့ပေမယ့် ဘာမှ အရာမရောက်ခဲ့ပါဘူး။ ဆာလာရဲ့ဂိုးဟာ ထူးချွန်ပြီး မယုံနိုင်စရာ၊ အံ့ဩစရာကောင်းသလို မီးတောက် အီမိုဂျီ၊ မှင်သက်မိတဲ့ အခိုက်အတန့်၊ ဘုရားတရတဲ့ အခိုက်အတန့်ပါပဲ။ အဲ့ဒီ့ဂိုးက ဘယ်လောက်တောင် လက်ဖျားခါရလောက်စရာ ဖြစ်ခဲ့သလဲဆိုတာကို ဘယ်လို တုံ့ပြန်မှုမျိုးနဲ့မှ သေချာ ဖော်ပြလို့ရမှာ မဟုတ်ပါဘူး။

သူက အခုချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားပဲဖြစ်ပြီး ဒါကို မေးခွန်းထုတ်စရတောင် မရှိပါဘူး။ ဒီရာသီ ဆုဖလားတွေ ရယူနိုင်ခြင်းဟာ ဆာလာအတွက် တွန်းအားဖြစ်လာဖို့ ဆာလာရဲ့ အကောင်းဆုံးဆုတွေအတွက် အနိုင်ရလိုခြင်းဟာ လီဗာပူးအတွက် တွန်းအားဖြစ်လာဖို့ အပြန်အလှန် တည်မှီနေပါမယ်။

ကွင်းလယ်က မီလ်နာ

ပွဲထွက်လူစာရင်းမှာ မီလ်နာပါလာတာကို လူတိုင်းတော့ မကြိုက်လှပါဘူး။ အသက် ၃၅ နှစ်အရွယ် တိုးတက်မှုတွေ ဂိတ်ဆုံးနေတဲ့ ကစားသမားအပေါ် အများကြီး မမျှော်လင့်ကြတာက အမှားတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီပွဲမှာတော့ အဲ့လိုမြင်တာတွေက မှားခဲ့ပါတယ်။

သူရင်ဆိုင်ရနိုင်သမျှ အားအစိုက်ဆုံး၊ အကျွမ်းကျင်ဆုံး၊ အလျင်မြန်ဆုံး ပြိုင်ဘက်တွေ မဟုတ်ခဲ့ပေမယ့် မီလ်နာဟာ ဟန်ဒါဆန်၊ ကိတ်တာတို့နဲ့အတူ မတူညီတာတွေ ပေါင်းစပ်ထားတဲ့ ကွင်းလယ်မှာ ပွဲထွက်ခဲ့ပြီး သူလုပ်ရမယ့် တာဝန်ကို အကောင်းဆုံး လုပ်ခဲ့ပါတယ်။

မီလီဟာ ဘောလုံးပေးပြီး အရှေ့ကိုပြေးကာ နောက်တကြိမ် ဘောလုံးပြန်လက်ခံတဲ့ overlap ပုံစံတွေနဲ့ ကစားခဲ့ပြီး ရော်ဘတ်ဆန် နောက်မှာ အကာအကွယ်ယူကာ မာနေးနဲ့ လျင်လျင်မြန်မြန် ချိတ်ဆက်ပြီး ဘော်ဘီရဲ့ ပထမဂိုးအတွက် ဖန်တီးမှု အပါအဝင် ဧရိယာအတွင်း ကောင်းမွန်တဲ့ ထောက်ပံ့မှုအနည်းငယ် လုပ်ပေးခဲ့ပါတယ်။

အဲ့ဒီ့နောက် သူဟာ မိနစ် ၂၀ လောက် ညာအစွန်နေရာကို ရွှေ့ခဲ့ပြီးတော့ အဲ့ဒီ့နေရာမှာလည်း ဘာအမှားတစ်ခုမှ မလုပ်ခဲ့ပဲ နောက်ထပ် ဖန်တီးမှုတစ်ကြိမ်တောင် ရလုနီးပါး ဖြစ်ခဲ့ပါတယ်။

သင့်တင့်တဲ့ လူစားလဲမှုများ

အစွန် နောက်ခံလူတွေအတွက် နိုင်ငံပွဲတွေနဲ့ ဒဏ်ရာတွေအပြင် ရှေ့လာမယ့် ပွဲကြီးတွေမှာ ဆက်တိုက်ကစားရဖို့ရှိတာကြောင့် ပွဲချိန်တစ်နာရီအပြီး ပထမဆုံး လူစားလဲမှု ၂ခုက သိပ်ကို အမြော်အမြင်ရှိတဲ့ လုပ်ရပ်ဖြစ်ခဲ့ပါတယ်။

ထရန့်နဲ့ ရော်ဘတ်ဆန်တို့ဟာ ၆၄ မိနစ်ကြာ ပြေးလွှားခဲ့ပြီးနောက် သူတို့ရဲ့ စွမ်းအင်တွေ ကုန်ဆုံးသွားတာ မဟုတ်ပေမယ့် ချိန်ဘာလိန်နဲ့ ကိုစတက်တို့က ကွင်းထဲမှာ အတော်လေး ကစားချိန် ရခဲ့တာပါ။

နောက်ဆုံး လူစားလဲမှုဖြစ်တဲ့ ညာအစွန်လူ နီကိုး ဝီလီယံကတော့ သက်တောင့်သက်သာ အနေအထားမှာ သူ ပါဝင်ကစားရတာက အဓိပ္ပါယ်ရှိပါတယ်။ ကြံ့ခိုင်မှု၊ မှန်မှန်လှုပ်ရှားမှုရဖို့နဲ့ ဘယ်အစွန်မှာ ဆီမီကက်စ်လိုမျိုး နေရာတစ်နေရာအတွက် စိန်ခေါ်နိုင်တဲ့ လမ်းကြောင်းကို ပြန်လည်ရှာတွေ့တာမျိုး ဖြစ်နိုင်ပါတယ်။

တွေ့ကြသေးတာပေါ့ အက်သလက်တီကို

လီဗာပူးဟာ နိုင်ပွဲတွေနဲ့ လမ်းမပေါ် ပြန်ရောက်လာပါပြီ။ နိုင်ငံတကာ သီတင်းပတ်အပြီး မှတ်တမ်းက ကောင်းမွန်နေဆဲဖြစ်ပြီး အသင်းကစားသမား အနည်းငယ်ဟာ မလိုအပ်ပေမယ့် ကောင်းမွန်တဲ့ မိနစ် ၉၀ အပြည့် ကစားနိုင်ခဲ့ပါတယ်။ အခုဆိုရင်တော့ အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်ပွဲကို အာရုံစိုက်ရတော့မှာပါ။ ပထမဦးစားပေး ဂိုးသမားနဲ့ ကွင်းလယ်ခံစစ်တို့ ပြန်လည်ကစားခွင့်ရပါလိမ့်မယ်။

ဒီရာသီအတွက် လူစာရင်းတွေဟာ စောစောစီးစီးပဲ အလှည့်ကျ ကစားခွင့်နဲ့ သွားနေပေမယ့် ကလော့ပ်လုပ်တာ မှန်ကန်ခဲ့ပါတယ်။ အခုဆိုရင် ချန်ပီယံလိဂ်အုပ်စုအဆင့်က အခက်ခဲဆုံးပွဲကို ကစားရတော့မှာ ဖြစ်ပေမယ့် အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ်တွေအရ မဖြစ်မနေ အနိုင်ရမယ့် ပွဲတစ်ပွဲပါပဲ။