လွန်ခဲ့တဲ့ ၅ နှစ်က လီဗာပူးဂိုးသမား လိုရစ် ကာရီးယက်စ်အပေါ် သူ့ရဲ့ မှတ်ချက်စကားတွေ၊ ဝေဖန်မှုတွေက အရမ်းလွန်သွားခဲ့ကြောင်း ဂယ်ရီနဗီးက ဝန်ခံခဲ့ပါတယ်။

၂၀၁၆ ဒီဇင်ဘာတုန်းက ဂျာမန်ဂိုးသမားဟာ ဘုန်းမောက်နဲ့ပွဲအတွင်း နာကျင်အချိန်ပို ၃ မိနစ်မှာ လီဝစ်ကွတ်ခ်ရဲ့ ရိုးရှင်းတဲ့ ကန်ချက်ကို ကာကွယ်ပုံ မသပ်ရပ်ခဲ့တဲ့အတွက် လျှံထွက်လာတဲ့ ဘောလုံးက နာသန်အကီဆီရဲ့ ရှေ့တည့်တည့်ကို ရောက်ရှိခဲ့တာကြောင့် လက်ဆောင်ဂိုးပေးလိုက်ရပြီး ၄-၃ နဲ့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

နောက်တစ်ရက်မှာ နဗီးက “ဂိုးသမားကောင်းတစ်ယောက် မရှိဘဲ လိဂ်မှာ အနိုင်ရဖို့က ခက်ခဲတယ်။ ကာရီးယက်စ်က လုံလောက်တဲ့ ကောင်းမွန်မှု မရှိတဲ့ ဂိုးသမားပါ။ သူ့ကြည့်ရတာ ဗျာများနေပုံပေါ်ပြီး ကောင်းကောင်းမလုပ်နိုင်ဘူး”လို့ ပြောဆိုခဲ့တာပါ။

ကလော့ပ်ကတော့ သူ့ဂိုးသမားကို ကာကွယ်ပေးခဲ့ပြီး နဗီးအနေနဲ့ ဗလင်စီယာနည်းပြအနေနဲ့ ရုန်းကန်ခဲ့ရတဲ့နောက် ရုပ်သံမှာ ကစားသမားတွေကို ဝေဖန် အပြစ်တင်နိုင်လောက်တဲ့ အရည်အချင်းမရှိဘူးလို့ တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ကာရီးယက်စ်ကလဲ “ဂယ်ရီနဗီး ဘာပြောပြော ကျွန်တော် ဂရုမစိုက်ဘူး။ သူက ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး အဲ့နောက်မှာ ခဏတာ နည်းပြလုပ်ခဲ့တယ်။ အခု ကျွမ်းကျင်သူတစ်ယောက်အနေနဲ့ ရုပ်သံတင်ဆက်မှုအပိုင်းကို ပြန်ရောက်လာတယ်။ ဒါပေမယ့် သူက အမြဲတမ်း အပြစ်တင်တတ်တဲ့သူပါ”လို့ ပြန်ပြောခဲ့တာဖြစ်ပါတယ်။

အဲ့အဖြစ်အပျက်တွေ ၅ နှစ်ကြာပြီးတဲ့နောက် အခု နဗီးက သူ့အသင်းဖော်ဟောင်း ဆိုးရှားကို ရာထူးကနေ ထုတ်ပယ်ဖို့ မပြောတာနဲ့ ပတ်သက်လို့ နှိုင်းယှဉ်ထောက်ပြမှုတွေ ဖြစ်လာခဲ့တာပါ။ နဗီးအနေနဲ့ ကာရီးယက်စ်ကို အလွန်အကျူး ဝေဖန်ခဲ့တာ မှားယွင်းခဲ့တယ်လို့ ဝန်ခံခဲ့သလို ဒီနောက်မှာတော့ ကစားသမားတစ်ယောက် မန်နေဂျာတစ်ယောက်ကို ထုတ်ပယ်ဖို့ ဘယ်တော့မှ ပြောတော့မှာ မဟုတ်ဘူးလို့ ဝန်ခံခဲ့ပါတယ်။

“ ကျွန်တော် ကစားသမားတစ်ယောက်ကို ဝေဖန်အပြစ်တင်တဲ့အခါ ဘောင်ကျော်ခဲ့ဖူးတယ်။ အဲ့ဒါက ပရိုကစားသမားဟောင်းတစ်ယောက်၊ နည်းပြတစ်ယောက်၊ အသင်းပိုင်ရှင်တစ်ယောက် အနေနဲ့ လုပ်သင့်တာထက် ပိုလွန်သွားခဲ့တာပါ။

ကျွန်တော်က လေးစားမှုရှိတဲ့ လူသားတစ်ယောက်လို့ ထင်ပါတယ်။ ကာရီးယက်စ်အပေါ် ကျွန်တော် ပြောတာလွန်သွားခဲ့တယ်လို့ ထင်ခဲ့တယ်။ သူနဲ့ဆိုရင် လီဗာပူးက ဘယ်တော့မှ လိဂ်ဖလား အောင်မြင်မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့မိပါတယ်။

အဲ့နောက်မှာ သူနဲ့ ကလော့ပ်က ကျွန်တော့်ကို တဖန်ပြန်ဝေဖန်ခဲ့တယ်။ ပြဿနာမရှိပါဘူး။ အခုချိန်မှာ နောက်ပြန်ကြည့်ပြီတော့ သူ့အသက်အရွယ်၊ သူ့နေရာနဲ့စာရင် ကျွန်တော် ဝေဖန်ခဲ့တာ အရမ်းလွန်သွားခဲ့တယ်လို့ တွေးမိတယ်။

ကျွန်တော်ပြောတာ မှန်ကန်ခဲ့တယ်လို့ တကယ်ထင်ပါတယ်။ သူတို့တွေ အယ်လီဆန်နဲ့ ဗန်ဒိုက်ကို ခေါ်ပြီးမှ ပရီးမီးယားလိဂ်ဖလားရခဲ့တယ်လေ။ ဒါပေမယ့် အဲ့လိုဖြစ်ရုံနဲ့ ကျွန်တော် ဝေဖန်ခဲ့တာ မှန်တယ်လို့ မဆိုလိုပါဘူး။

ယူနိုက်တက်နဲ့ လီဗာပူးအတွက် ကစားပေးရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ သိထားပြီးတော့ လူကောင်းတစ်ယောက်၊ ပရော်ဖက်ရှင်နယ်တစ်ယောက် အနေနဲ့ ကျွန်တော် အရမ်း လွန်သွားခဲ့တယ်လို့ ထင်ပါတယ်။

ဆွာရက်ဇ်နဲ့ အိုင်ဗန်နိုဗစ် ဖြစ်ရပ်တုန်းကတောင် ဝေဖန်ရေးဆရာတချို့က ဒါက အင်္ဂလန်မှာ ဆွာရက်ဇ်ရဲ့ အဆုံးသတ်ပဲလို့ ပြောခဲ့တဲ့အချိန် ကျွန်တော် သူ့ဘက်ကနေ ကာကွယ်ပေးခဲ့တာပါ။
ဂုဏ်သိက္ခာရှိရှိနဲ့ပဲ ကျွန်တော့် ပရော်ဖက်ရှင်နယ်ဘဝကို အဆုံးသတ်ချင်ပါတယ်။

ဘယ်လို စွမ်းဆောင်ရည်မျိုးမှာပဲဖြစ်ဖြစ် ကစားသမားတွေ၊ နည်းပြတွေကနေ အသင်းကနေ ထုတ်ပယ်ဖို့ ကျွန်တော် ဘယ်တော့မှ တိုက်တွန်းတော့မှာ မဟုတ်ဘူး”လို့ နဗီးက ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။လ