လီဗာပူးအသင်းဝဘ်ဆိုက်ရဲ့ ပုံမှန်ကော်လံ ပထမပိုင်းမှာ ဒါ့ကောက်က ဆာလာ၊ အာနိုးတို့ရဲ့ ညာတောင်ပံ ခြိမ်းခြောက်မှုနဲ့ ပတ်သက်လို့ အခုလို သုံးသပ်ပြောကြားခဲ့ပါတယ်။

ဒါ့ကောက်ရဲ့ ကော်လံမှာတော့ ” ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်ဖြစ်တဲ့ မိုဆာလာက အကောင်းဆုံး ခြေစွမ်းအဆင့်အတန်းမှာ ရှိနေတာနဲ့အတူ အမြင့်ဆုံး ပျံသန်းနေတဲ့ လီဗာပူးအသင်းကို မြင်တွေ့ရတာ အားရစရာ ကောင်းပါတယ်။

စနေနေ့က အာဆင်နယ်ကို နိုင်ခဲ့တဲ့ပွဲမှာ ဒါတွေအားလုံးကို အထင်အရှား မြင်တွေ့ခဲ့ရပါတယ်။
ကျွန်တော်နဲ့ ဆာလာက လီဗာပူးအတွက် ညာတောင်ပံမှာ ကစားခဲ့တာပါ။ ဒါပေမယ့် တူတာဆိုလို့ အဲ့တခုပဲ ရှိပါတယ်။

အရင်တုန်းက ကျွန်တော်ဟာ အရေးပါတဲ့ ဂိုးတချို့ သွင်းယူခဲ့ပြီး ကျွန်တော့်အနေနဲ့ နောက်ခံလူတစ်ယောက်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် မိုဆာလာ မကြာခဏ လုပ်ပြသလိုမျိုး နောက်ခံလူ ၂ ယောက်၊ ၃ယောက်ကို လွယ်လွယ်ကူကူ ကျော်ဖြတ်ဖို့က ကျွန်တော့်အတွက် ခက်ခဲခဲ့တာကြောင့် ဆာလာလုပ်ပြကို မြင်တွေ့ရတာက အံ့ဩစရာကောင်းပါတယ်။

ဒီရာသီမှာ ၁၆ ပွဲမှာ ၁၆ ဂိုး သွင်းယူထားတာက မယုံနိုင်စရာကောင်းတဲ့ မှတ်တမ်းပဲဖြစ်ပြီး သူဟာ လွန်ခဲ့တဲ့ ရာသီအနည်းငယ်အတွင်း အရမ်းအရမ်းကို မြင့်မားတဲ့ အဆင့်အတန်းကို ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါတောင် သူက တိုးတက်လာနေဆဲဖြစ်လို့ မိုဆာလာ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ အသင်းဖော်တွေကို ချီးကျူးးရမှာပါ။

ဒီအသင်းဟာ အချိန်အကြာကြီး အတူရှိခဲ့တာ ဖြစ်ပေမယ့် သူတို့က နေ့တိုင်း ပိုပိုကောင်းလာဖို့ ဖြစ်နိုင်ခြေကို ရှာဖွေနေဆဲ ဖြစ်ပါတယ်။ တောင်ပံကစားသမားတွေဟာ အများအားဖြင့် ပြိုင်ဘက်ဗဟိုနောက်ခံလူတွေအပေါ် ဖိအားပေးတာနဲ့အတူ ဆာလာက လီဗာပူးရဲ့ ဖိအားပေးကစားပုံမှာ ကောင်းကောင်း အံဝင်နေပါတယ်။

လီဗာပူးမှာ ဘောလုံးရှိတဲ့အခါ ဆာလာရဲ့ အနေအထားက ခန့်မှန်းလို့မရ ဖြစ်စေပါတယ်။ သူ့အနောက်က ညာခြမ်းမှာ ထရန့် အလက်ဇန္ဒါး-အာနိုးရှိပြီး သူက မယုံနိုင်စရာကောင်းစွာ မြင့်မားတဲ့ အဆင့်အတန်းမှာ ကစားနေတာပါ။ ဆာလာက အတွင်းထဲ နည်းနည်းပိုဝင်ပြီး ကစားတတ်တာနဲ့အတူ အဲ့ဒါက ထရန့်အတွက် တိုက်စစ်အထိ လိုက်တက်ဖို့ အခွင့်အရေး ပေးပါတယ်။

ထရန့်ဟာ အာဆင်နယ်ပွဲမှာ ဖန်တီးမှု ၂ ကြိမ် ပြုလုပ်ခဲ့ရုံမက အဲ့ပွဲအတွက် အရမ်း အရေးပါခဲ့သူ ဖြစ်ပါတယ်။ သူက တိုက်စစ်ကစားသမားနဲ့တူတဲ့ နောက်ခံလူတစ်ယောက်ပါ။ ဒါပေမယ့် ခံစစ်ပိုင်းမှာလည်း လီဗာပူးက ဘောလုံးဆုံးရှုံးသွားရင် အသင်းမှာ သူ့ရဲ့ နေရာက အရမ်းကို အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ သူက ပြင်းပြင်းထန်ထန် ဖိအားပေးနိုင်လို့ပါ။

နောက်ခံလူတွေက အဲ့ဒီလို ခုခံရတာကို ကြိုက်ပါတယ်။ လီဗာပူးလိုမျိူး အရှေ့ထိတက်ပြီး ခုခံကာကွယ်ကစားတာမျိုးက မလွယ်ကူပါဘူး။ ဒါပေမယ့် ကောင်းကောင်းဖိနိုင်ရင်တော့ ထရန့်လို ကစားသမားမျိုးနဲ့ဆို လွယ်ကူပါတယ်။

သူ့ရဲ့ ပေးပို့မှုကလည်း တိုက်စစ်ကစားသမားတစ်ယောက်ရဲ့ အိမ်မက်ပါပဲ။ ဒါက ဂျရတ်လို ပုံစံမျိုးပါ။ ဂျရတ်က မင်းကို ဘောလုံးပေးရင် အကွာအဝေး ဘယ်လောက်ဆိုတာက အရေးမကြီးပါဘူး။ သူအလိုရှိတဲ့ နေရာကို ရောက်အောင်ပေးနိုင်ပါတယ်။ ထရန့်ကလည်း အဲ့လိုအရည်အသွေးရှိပါတယ်။

အသင်းမှာ သူ့လို ကစားသမားမျိုးတစ်ယောက် ရှိထားတာ ကောင်းပါတယ်။ မင်းက တိုက်စစ်မှူးတစ်ယောက်ဆိုရင် ဘောလုံးလာမယ့် လမ်းကြောင်းကို ချိန်ဆပြီး နေရာယူတတ်ရင် ဂိုးရတာပဲ။ ထရန့်က လီဗာပူးဂန္တဝင်တွေရဲ့ ပွဲတွေမှာ လိုက်ကစားပေးဖို့ မျှော်လင့်ပါတယ်။ ဒါမှ သူက ကျွန်တော့်အတွက် အဲ့ဒီ့လို ဖြတ်တင်ပေးပို့မှုတွေ လုပ်ပေးနိုင်မှာပေါ့ ” လို့ ရေးသားသွားခဲ့ပါတယ်။