၂၀၂၂-၂၃ ရာသီ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ လီဗာပူးအသင်းဟာ တန်းတက် ဖူလ်ဟမ်ကို သရေသာ ရရှိခဲ့ပြီး ပရိသတ်အချို့ကတော့ ဒီပွဲမှာ ဒါဝင်နူးညက်စ် လူစားဝင်ကစားခဲ့တာ တစ်ခုသာ အကောင်းမြင်စရာ ရှိခဲ့တယ်လို့ ပြောနေကြပါတယ်။

လီဗာပူးဟာ အရင်ကနဲ့မတူပဲ အထနှေးနေခဲ့ပြီး ပထမပိုင်းမှာ မီထရိုဗစ်ရဲ့ ခေါင်းတိုက်ဂိုးက အိမ်ရှင်တွေအတွက် ဦးဆောင်နိုင်စေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ လီဗာပူးထံက တိုးတက်မှု အနည်းငယ်ကို မြင်တွေ့ခဲ့ရပြီး ၅၁ မိနစ်မှာ တံကောက်ကြော ဒဏ်ရာကြောင့် သီယေဂို ထွက်သွားခဲ့ရတာက နောက်ထပ် အားလျော့စရာ ဖြစ်ခဲ့တာပါ။

ဒါပေမယ့် နူးညက်စ်နဲ့ ဟာဗေး အယ်လီးယော့ကို ထည့်လိုက်တဲ့နောက် အသင်းရဲ့ ကစားဟန်ဟာ ထိရောက်မှု အများကြီး ပိုရှိလာခဲ့ပါတယ်။ ပါးပါးနပ်နပ်နဲ့ ခပ်မြန်မြန် ချေပဂိုး သွင်းယူပေးခဲ့သူက နူးညက်စ် ဖြစ်ခဲ့ပေမယ့် ဧရိယာအတွင်း ဗန်ဒိုက်နဲ့ ထိတွေ့မှုကနေ ဖူလ်ဟမ်က ပင်နယ်တီ ရခဲ့ပြိး မီထရိုဗစ် ဒုတိယအကြမ် ဂိုးရရှိခဲ့တာပါ။

အဆိုပါသွင်းဂိုးအတွက် ဂယ်လီလင်ကာက “ လီဗာပူးအတွက် ဒါဝင်နူးညက်က ချေပဂိုး သွင်းပေးခဲ့တယ်။ သူ ဂိုးတွေအများကြီး သွင်းပေးလိမ့်မယ်ဆိုတာ အဲ့ဒီ့ဂိုးတစ်ဂိုးထဲနဲ့တင် အရမ်းရှင်းသွားပြီ။ တကယ့်ဂိုးသွင်းရှင်တစ်ယောက်ရဲ့ လှုပ်ရှားမှုမျိုးပဲ။ ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

လီဗာပူးရဲ့ ဒုတိယချေပဂိုးမှာလည်း နူးညက်စ် ပါဝင်ပတ်သက်ခဲ့ပြီး မိနစ် ၈၀ မှာ ဆာလာ ဂိုးသွင်းနိုင်ဖို့အတွက် ဘောလုံးခင်းပေးခဲ့တာ ဖြစ်ပါတယ်။ အချိန်ပိုမှာ ဂျော်ဒန်ဟန်ဒါဆန်ရဲ့ ကန်ချက်က ဘားတန်းကို ကျော်သွားခဲ့သလို အဆုံးသတ်မှာ လီဗာပူးဟာ လိုအပ်နေတဲ့ အနိုင်ဂိုးတစ်ဂိုးကို မရှာဖွေနိုင်ခဲ့ပါဘူး။

မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းပွဲမှာ လုပ်ခဲ့သလိုပဲ နူးညက်စ်ဟာ ဒုတိယပိုင်းမှာ တကယ့် အကျိုးထိရောက်မှု ပေးနိုင်ခဲ့ပြီး ပရိသတ်တွေကလည်း လာမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ သူ့ကို ပွဲထွက်ခိုင်းစေချင်နေကြပါတယ်။

“ ငါ့ရဲ့ တစ်ခုတည်းသော အကောင်းမြင်စရာကတော့ ဒါဝင်နူးညက်စ်ကို ခေါ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အကြောင်းပြချက်တွေက ကျိုးကြောင်းခိုင်လုံတယ်ဆိုတာ မြင်ခဲ့ရတာပဲ။ မနှစ်က ရာသီကုန်ပိုင်းမှာ ငါတို့ ရင်ဆိုင်ရတဲ့ ပြဿနာအတွက် မှန်မှန်ကန်ကန် ဖြေရှင်းနိုင်ခဲ့တာပဲ။ ”

“ ထူးဆန်းတယ်။ ပွဲထွက်ကစားသမား တစ်ယောက်မှ စွမ်းဆောင်ရည် မလုံလောက်ခဲ့ဘူး။ လူစားဝင် ကစားသမားတွေကပဲ ပွဲကို ပြောင်းလဲသွားစေခဲ့တယ်။ လူစားလဲပြီးမှ ဆာလာက အများကြီး ပိုကောင်းလာတာ။ အစကတော့ သူလည်း စိတ်ပျက်စရာကောင်းတယ်။ ဒီတစ်ပွဲထဲပဲ အဲ့လိုဖြစ်တာ ဟုတ်ပါစေ။ ”

“ နူးညက်စ်က တခုတည်းသော အကောင်းမြင်စရာပဲ။ ပင်နယ်တီဧရိယာထဲက သားရဲတစ်ကောင်၊ ရေထဲမှာ သွေးနံ့ရနေတဲ့ ငါးမန်းတစ်ကောင်လို အခွင့်အရေးတွေကို အနံ့ခံရှာဖွေနိုင်တယ်။ အဆုံးသတ်ထိချက် အပိုင်းပဲ နည်းနည်း ပြင်ဖို့လိုသေးတယ်။ ”

“ မရှုံးခဲ့ပေမယ့် တကယ်ကို ရှုံးခဲ့သင့်တဲ့ပွဲပါ။ နူးညက်စ်ကလွဲရင် ဘာမှ မကောင်းဘူး။ တော်တော်ဆိုးတဲ့ ကစားပုံပဲ။”

“ ဒါဝင်နူးညက်စ်က ငါတို့အတွက် ပွဲကိုပြောင်းလဲပေးခဲ့တာပါ။ သူဝင်လာပြီး တစ်ဂိုးသွင်း၊ တစ်ဂိုး ဖန်တီးပေးတယ်။ အခုကနေစပြီး နူးညက်စ်နဲ့ အယ်လီးယော့ကို ပွဲထွက်ခွင့်ပေးကို ပေးရမယ်။ ”

“ အနိုင်ရဖို့ မထိုက်တန်ခဲ့ပါဘူး။ ဖူလ်ဟမ်က ပထမပိုင်းမှာ ပိုကောင်းခဲ့တယ်။ ငါတို့က ဒုတိယပိုင်းမှာ ပိုကောင်းခဲ့တယ်။ ပုံမှန်ခြေစွမ်းအောက် နိမ့်ကျနေတာတွေ အများကြီးပဲ။ မိနစ် ၆၀ လောက် ဖြုန်းတီးပြီးတော့ နူးညက်စ် ဝင်လာပြီး ခြိမ်းခြောက်မှုတွေ လုပ်ပေးခဲ့တာ။ သူ့ရဲ့ ပြေးလွှားလှုပ်ရှားမှုတွေက သူများတွေအတွက် နေရာလွတ်တွေ ပိုရစေတယ်။ ”

အစရှိသဖြင့် ပရိသတ်တွေက မှတ်ချက်ပေးခဲ့ကြပါတယ်။

နူးညက်စ်လိုပဲ ပဲလေ့စ်နဲ့ပွဲမှာ အယ်လီးယော့ ပွဲထွက်ရရင် အံဩစရာ မရှိပါဘူး။ ကွင်းလယ်လူဟာ လီဗာပူးရဲ့ ပထမချေပဂိုးအတွက် ကစားကွက် တည်ဆောက်မှုမှာ သိပ်ကောင်းတဲ့ ပေးပို့မှုတစ်ခု လုပ်ခဲ့ပြီး ကွင်းလယ်မှာ လီဗာပူးကို ပိုပြီးဖန်တီးနိုင်စွမ်းရှိတဲ့ လှုပ်ရှားမှုတွေ ပေးခဲ့ပါတယ်။

ဒါဟာ ပရိသတ်တွေလိုချင်တဲ့ ကလော့ပ် လိုချင်ခဲ့တဲ့ ရာသီအစမျိုး မဟုတ်ပါဘူး။ နောက် ၉ ရက်အတွင်း အန်ဖီးမှာ တိုးတက်ဖို့ လိုအပ်နေတာတွေ ရှိပါသေးတယ်။ ဒါ့အပြင် ပဲလေစ့်နဲ့ပွဲမှာ နူးညက်စ် ပွဲထွက်ခွင့်ရဖို့ အားလုံးက မျှော်လင့်နေကြပြီ ဖြစ်ပါတယ်။