လီဗာပူးအသင်းရဲ့ ဒဏ်ရာရ ကစားသမားတွေနဲ့ ပြန်သက်သာလာနိုင်တဲ့ အချိန် အပိုင်းအခြားကို အသင်းသတင်းထောက် Neil Jones ရဲ့ ဖော်ပြမှုတွေဖြစ်ပါတယ်။
သတင်းကောင်းကတော့ သီယေဂိုရဲ့ ဒဏ်ရာက မပြင်းထန်ခဲ့ပါဘူး။ နောက်ပြီး ဒီအပတ်မှာပဲ ကွင်းလယ်လူ ကိတ်တာ၊ ဘယ်အစွန်လူ ကိုစတက်တို့ စီနီယာအသင်း လေ့ကျင့်ရေးကို ပြန်ပူးပေါင်းနိုင်မယ်လို့ သိရပါတယ်။
Thiago Alcantara
တနင်္ဂနွေနေ့မှာ သီယေဂိုရဲ့ ဒဏ်ရာကို စကန်ဖတ်ထားခဲ့ပါတယ်။ ဒဏ်ရာ မပြင်းထန်ခင်မှာတင် သူ့ကို လူစားလဲနိုင်ခဲ့တယ်လို့ လီဗာပူးအသင်းဘက်က ယုံကြည်တယ်။ ၂ ပတ်ဝန်းကျင် အနားယူရမယ် ခန့်မှန်းထားပြီး သီတင်းပတ် ၄ ပတ်ထက် ပိုကြာကြာ မနားရဖို့ အသင်းဘက်က မျှော်လင့်ထားပါတယ်။
စိတ်ပူစရာက ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ လီဗာပူးအတွက် ၁၄ ပွဲ မကစားပေးနိုင်ခဲ့တဲ့ သီယေဂိုဟာ မနှစ်ကလည်း ဒဏ်ရာကြောင့် ၁၃ ပွဲ လွဲချော်ထားပါတယ်။ ဒီရာသီမှာလည်း သူ့ကို အသုံးမပြုနိုင်တဲ့ ပွဲတွေ ရှိနေဦးမှာပါ။
Naby Keita
သတင်းကောင်းကတော့ ကိတ်တာဟာ ကိုဗစ်ဖြစ်နေတာ မဟုတ်ဘဲ အဖျားကနေ ပြန်သက်သာလာပါပြီ။ သူဟာ နောက်အပတ် တနင်္လာနေ့မှာ ယှဉ်ပြိုင်ရမယ့် ပဲလေစ့်နဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေပါလိမ့်မယ်။
Curtis Jones
မန်စီးတီးနဲ့ပွဲမှာ မိနစ် အနည်းငယ်ပဲ ဝင်ကစားပေမယ့် ဒဏ်ရာရခဲ့ပါတယ်။ လီဗာပူးအသင်းဘက်ကတော့ မပြင်းထန်ဘူးလို့ ဆိုထားပေမယ့် ၂ ပတ်ဝန်းကျင်တော့ အနားယူရမှာပါ။ ဒီကာလတွေမှာ အမြန် ပြန်ကြံ့ခိုင်လာမယ်ဆိုရင် အရန်လူစာရင်းမှာ ပါဝင်လာနိုင်ပါတယ်။
Ibrahima Konate
အသေးစား ဒဏ်ရာဖြစ်ပေမယ့် သြဂုတ်လ တစ်လလုံးကို အနားယူရနိုင်ပါတယ်။ သူ့ရဲ့ ဒူးဒဏ်ရာကြောင့် နက်ဖီးလစ်၊ ဗန်ဒန်ဘတ်တို့ထဲက တစ်ဦးကို အသင်းဘက်က ဆက်ထိန်းသွားနိုင်ပါတယ်။
Diogo Jota
ရာသီကြိုမှာ ကံဆိုးစွာပဲ ဒဏ်ရာ ထပ်ရခဲ့တဲ့ ဂျိုတာဟာ သြဂုတ်လ အကုန်မှ ပြန်သက်သာလာမှာပါ။ ရာသီကြို မပါဝင်ခဲ့ရသူမို့ ဒဏ်ရာက ပြန်သက်သာလာရင်လည်း အချိန်တစ်ခု ပေးရဦးမှာဖြစ်ပါတယ်။
Kostas Tsimikas
အသေးစား ဒူးဒဏ်ရာကြောင့် ဖူလ်ဟမ်ပွဲကို လွဲခဲ့ပေမယ့် ကိတ်တာနည်းတူ ဒီအပတ် လေ့ကျင့်ရေးမှာ ပြန်ပါလာမှာဖြစ်ပါတယ်။
Alex Oxlade-Chamberlain
တံကောက်ကြော ဒဏ်ရာကြောင့် ၂ လဝန်းကျင် နားရနိုင်ပါတယ်။ ဒဏ်ရာက ပြန်သက်သာလာရင် ကြံ့ခိုင်မှု ပြန်လည် တည်ဆောက်ရေး အချိန်တစ်ခု ပေးရမှာဖြစ်ပါတယ်။
Caoimhin Kelleher
ရာသီကြိုတည်းက ဒဏ်ရာကြောင့် မပါနိုင်ခဲ့သလို အခုထိ အသင်းနဲ့ပြန်ပြီး လေ့ကျင့်ရေး မဆင်းနိုင်သေးပါဘူး။ နောက်ထပ် ၂ ပတ်ကနေ ၃ ပတ်ထိ အနားယူရနိုင်ပြီး သြဂုတ်လ အကုန်မှ အသင်းလူစာရင်းထဲ ပြန်ဝင်လာမှာပါ။
Calvin Ramsay
အခုချိန်ထိ စီနီယာအသင်းနဲ့ လေ့ကျင့်ရေး မဆင်းသေးပါဘူး။ ငယ်ရွယ်သေးတဲ့ အရွယ်မို့ ရေရှည်အတွက် ရည်ရွယ်ပြီး အသင်းက သူ့ကို အလျင်စလို ထုတ်သုံးမှာ မဟုတ်ပါဘူး။ သက်တမ်းအလိုက် လူငယ်အသင်းကနေ ပြန်ပါလာနိုင်ပါတယ်။
Kaide Gordon
ရာသီကြိုမှာ ဒဏ်ရာကြောင့် မပါနိုင်ခဲ့ပေမယ့် လာမယ့်အပတ်မှာ လေ့ကျင့်ရေး ပြန်ဝင်မယ်လို့ သိရပါတယ်။ ရမ်ဆေးလိုပဲ ယူ-၂၁ အသင်းမှာ ကြံ့ခိုင်မှုပိုင်း ပြန်ကြိုးစားရပါမယ်။