မန်ယူအသင်း အားပေးသူ ပရိသတ်တစ်ဦးဟာ အသင်းမှာ အကျိုးမပြုတော့ဘူး ယူဆနေတဲ့ ကစားသမားတွေကို ရောင်းထုတ်ပေးဖို့ တောင်းဆိုတဲ့ စုပေါင်း အသနားခံ တောင်းဆိုမှု Petition တစ်ခု စတင်ပြုလုပ်လိုက်ပါတယ်။ ၄င်း ရောင်းစေလိုနေတဲ့ ကစားသမားတွေကတော့ အက်ရှ်လေယန်း၊ ဖီးလ်ဂျုံးစ် နဲ့ စမောလင်းတို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ယူအသင်း ခံစစ်ပိုင်းက အမှားများစွာ ကျူးလွန်ခဲ့ပြီး ဂိုးများစွာ ပေးခဲ့ရပါတယ်။ ဒါကြောင့်လည်း ဒီနွေမှာ ဆိုးရှားက ခံစစ်ပိုင်းကို ၀ါရင့်တစ်ယောက် အင်အားဖြည့် ခေါ်ယူရန် ဆုံးဖြတ်ထားပြီး နာပိုလီမှ ကူလီဘိုင်လေ၊ လက်စတာမှ မက်ဂွဲယားတို့ကို ခေါ်ယူဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပြောင်းရွှေ့ကြေး စံချိန်တင် သုံးရဖွယ် ရှိပြီး တစ်ယောက်နဲ့မှတော့ သဘောတူညီမှုတော့ မရရှိသေးပါဘူး။

ဒါကြောင့် ဒီတလောမှာ “Rizzy Rizzy” အမည်ပေးထားတဲ့ မန်ယူပရိသတ် တစ်ဦးက အက်ရှ်လေယန်း၊ ဖီးလ်ဂျုံးစ် နဲ့ စမေလင်းတို့ကို အသင်းကနေ ထွက်ခွာစေဖို့ စုပေါင်း တောင်းဆိုမှု တစ်ခု အွန်လိုင်းကနေ စတင်ထားပါတယ်။

” မန်ချက်စတာ ယူနိုက်တက် အသင်းက ကမ္ဘာအရပ်ရပ်မှာ ပရိသတ်ပေါင်း မြောက်မြားစွာ ရှိနေတဲ့ ကမ္ဘာ့အကြီးမားဆုံး ကလပ် အသင်း တစ်သင်းပါ။ ဒါပေမယ့် အသင်း အတွက် အချိန်တွေ၊ ငွေတွေ၊ ခံစားချက်တွေကို ရင်းနှီးပြီး အားပေးနေရတဲ့ သူတို့ရဲ့ ပရိသတ်တွေကို ညှင်းပန်း နှိပ်စက်နေတာ လွန်ခဲ့တဲ့ (၆) နှစ်ကနေ အခုထိပါ။ ”

” ဂွာဒီယိုလာက မန်စီးတီး အသင်းနဲ့ ပထမဆုံး ရာသီမှာ ကျရှုံးခဲ့တာ မှန်ပါတယ်။ အဲ့ဒီနောက် သူက ကစားသမား (၈) ယောက်ကို ရောင်းထုတ် ပစ်ပြီး နောက်ရာသီမှာ အသင်းက စံချိန်တင် ရမှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို အရယူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ရီးရဲယ်မက်ဒရစ်၊ ဘာစီလိုနာတို့လို အဆင့်မျိုး ရောက်ချင်တယ်ဆိုရင် သူတို့ အသင်းမှာသာ စမောလင်း၊ အက်ရှ်လေယန်း၊ ဖီးလ်ဂျုံးစ်တို့လို ကစားသမားတွေ ရှိနေမယ်ဆို ဘာလုပ်မယ်ထင်လဲ။ အရှုံးပေါ်မယ်ဆိုရင်တောင် သူတို့ သေချာပေါက် ရောင်းထုတ် ပစ်မှာပါ။ ”

” ဒါပေမယ့် ယူနိုက်တက်က ဒီလို ကစားသမားတွေကို လစာ ကောင်းကောင်းပေးပြီး ကာလရှည် စာချုပ် နဲ့ အသင်းမှာ ဆက်ထား လိုက်ပါတယ်။ မော်ရင်ဟိုကို ထုတ်ပြီး အသင်းက စာမျက်နှာ အသစ် စတင်တော့မယ်လို့ အားလုံး ထင်ထားချိန်မှာ သူတို့က ဒီ ကစားသမားတွေကို စာချုပ် သစ် ချုပ်လိုက်တယ်။ ”

“ဘယ်လောက်တောင် ဆိုးရွားလိုက်တဲ့ အရာလဲဗျာ။ အဲ့ဒါကြောင့်လည်း ယူနိုက်တက် ပရိသတ် အားလုံးအနေနဲ့ ဒီအသနားခံလွှာမှာ လက်မှတ် ဝိုင်းထိုးပေးဖို့ မျှော်လင့်ပြီး ဒီအနေအထားကနေ အဖြေ တစ်ခုခု ရလာမယ်လို့ ကျွန်တော်ထင်ပါတယ်။ ” လို့ ၄င်းက ရေးသား ဖော်ပြ ထားပါတယ်။

Rizzy Rizzy စတင်ထားတဲ့ တောင်းဆိုမှုကို လက်မှတ်ထိုး ထောက်ခံသူ အယောက် ၃၅၀၀ ကျော်လာပြီ ဖြစ်ပြီး နာရီနဲ့ အမျှ ထိုစာရင်း တရိပ်ရိပ်တက်လာတာ တွေ့ရပါတယ်။ ၀င်ရောက် ဆန္ဒမဲပေးလိုသူများ အနေနဲ့ အောက်ပါလင့်ခ်ကနေ အမည်၊ အီးမေးလ်လိပ်စာတို့ ဖြည့်သွင်းပြီး သွားပေးလို့ ရနိုင်ပါတယ်။

ဆန္ဒမဲ ပေးရန်လင့်ခ် => https://www.change.org

မန်ယူ အသင်းဟာ လက်ရှိ အပြောင်းအရွှေ့မှာ ကစားသမားသစ် များစွာ ခေါ်ယူဖို့ ပြင်ဆင်နေပေမယ့် လက်ရှိ အချိန် အထိ ဆွမ်ဆီး အသင်းထံမှ တောင်ပံ ကစားသမား ဒန်နီရယ် ဂျိမ်းစ်ကိုသာ ပြောင်းရွှေ့ကြေး ပေါင် (၁၇) သန်းဖြင့် ခေါ်ယူထားနိုင်သေးပြီး မန်ယူအသင်း ပရိသတ်တွေက အားမလိုအားမရ ဖြစ်နေကြပါတယ်။