ဘောလုံး ရာသီသစ် မစတင်ခင်မှာပဲ မန်ယူကွင်းလယ်ကစားသမားဟောင်း ပေါအင့်က လက်ရှိ မန်ယူ တိုက်စစ်က ကြယ်ပွင့်ကစားသမား လေးဦးကို တန်းစီပြီး ရှုံ့ချဝေဖန်မှုများ ပြုလုပ်သွားပါတယ်။ အင့် ဝေဖန်လိုက်သူတွေကတော့ ရက်ဖို့ဒ်၊ လင်ဂတ်၊ ဆန်းချက်နဲ့ မာရှယ်တို့ပဲ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးရှားကတော့ ရာသီသစ် အတွက် အကောင်းဆုံးပြင်ဆင်နေပြီး ခံစစ်ကို အဓိကထား ကစားသမား ၀ယ်ယူဖို့ ကြိုးစားနေတာပါ။ ပေါအင့်ကတော့ အသင်း တိုက်စစ် ကစားသမား လေးဦးဟာ ပြင်ဆင်ဖို့ လိုအပ်ကြောင်း ထောက်ပြ သတိပေးခဲ့တာပါ။

ပထမဆုံး ပြောခဲ့တာကတော့ လင်ဂတ် အကြောင်းပါ။ အင့်က လင်ဂတ်ဟာ စကား မနာခံတဲ့ ကစားသမား အဖြစ် ဝေဖန်လိုက်ပြီး ရက်ဖို့ဒ်ကို စာချုပ် သက်တမ်းတိုးခဲ့တာ အတွက်လည်း အသင်းကို မေးခွန်းထုတ်ခဲ့ပါတယ်။

” ပြီးခဲ့တဲ့ နှစ်က ၁၁ ဂိုး သွင်းခဲ့တဲ့ ရက်ဖို့ဒ်က စာချုပ်သစ် သက်တမ်းတိုးခြင်း ခံရတယ်။ လင်ဂတ်ကဆို မနှစ်က လုံးဝ စကား မနာခံတဲ့ ကစားသမား ဖြစ်ခဲ့တာနော်။ တကယ်ကို လုံးဝ ပြောစကား နားမထောင်ခဲ့တဲ့ သူ။ ” လို့ အင့်က ဆိုပါတယ်။

အဲဒီနောက် ဆန်းချက်၊ မာရှယ်တို့ အကြောင်းကိုလည်း အခုလို ဆက်ပြီး ပြောကြားခဲ့ပါတယ်။

” နောက်ပြီးတော့ ဆန်းချက်။ သူတို့ ဆန်းချက်ဆီက ဘာမှ အရည်ညှစ်ထုတ်လို့ မရတော့အောင် ဖြစ်နေပါပြီ။ ကျနော်တို့ ခံစစ်အကြောင်း ပြင်ဆင်ဖို့ မကြာခဏ ပြောတယ်။ အခုဆို မက်ဂွဲယားနဲ့ စမောလင်း တွဲဖက် ကစားစေမယ်ပေါ့.. ဒါပေမယ့် အသင်း အနေနဲ့ သူတို့ ရှေ့မှာ ဘယ်သူတွေ ကစားမှာလည်း ကြည့်ရှုဆုံးဖြတ်ဖို့ လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တိုက်စစ်မှာလည်း လက်ရှိက အကောင်းကြီး မဟုတ်နေဘူး။”

” မာရှယ်လား ? သူက မရှိသုံးပါပဲ။ တခါတလေ ပေါ်လာတယ် ပြီး ပြန်ပျောက်သွားတယ် အဲလိုမျိုး။ တခါတလေ သူက သိပ်ကောင်းပြီး တခါတလေ လုံးဝ ခြေမြုပ်နေတာမျိုး။” လို့ ပေါအင့်က ပွင့်ပွင့်လင်းလင်း ထောက်ပြ ဝေဖန်လိုက်ပါတယ်။

ဆိုးရှားက ဒီနွေမှာ မက်ဂွဲယားအပါအ၀င် နောက်ထပ် ကစားသမား အနည်းငယ် ခေါ်ယူနိုင်ဦးမယ်လို့ မျှော်လင့်ဆဲ ဖြစ်ပါတယ်။ ခံစစ်နဲ့ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ စဉ်းစားနေတဲ့ ဆိုးရှား အနေနဲ့ တိုက်စစ်ပိုင်းကိုလည်း အင့် ထောက်ပြသလို မေ့ထားလို့ မရတာ အမှန်ပါ။