မန်ယူအသင်းက ကွင်းလယ်တိုက်စစ် အတွက် အဓိက ပစ်မှတ်ထားနေတဲ့ စပို့တင်လစ္စဘွန်းအသင်း ရဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ် ကို အခုချိန်ထိ မခေါ်ယူနိုင်သေးဘဲ ပြောင်းရွေ့ကြေး သဘောတူညီမှု မရသေးဘဲ ရှိနေပါတယ်။

မန်ယူက ဘရူနို ဖာနန်ဒက်စ် အတွက် ယူရို (၅၆) သန်းနဲ့ကမ်းလှမ်းသွားဖို့ရှိတယ်လို့ သိရပါတယ်။ ကစားသမားရဲ့ စာချုပ် ဖျက်သိမ်းကြေး ကလည်း ပေါင် သန်း ၃၀ လောက်သာ ရှိတာ ဖြစ်လို့ မန်ယူဘက်က ဈေးအများကြီး တိုးမပေးသွားလိုဘဲ ရှိနေတာပါ။

စပို့တင်း လစ္စဘွန်း အသင်း ဥက္ကဌ ဗာရန်ဒက်စ် ကတော့ ယူနိုက်တက်အသင်းကို သတိပေးစကားဆိုသွားခဲ့ပြီး ဒီ ဈေးနဲ့ဆိုရင်တော့ အသင်းကနေထုတ်ရောင်းသွားဖို့မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

” ကျနော်တို့အသင်းရဲ့ ကစားသမား ဖာနန်ဒက်စ် ကိုဘယ်အသင်းတွေ စိတ်ဝင်စားနေသလဲတော့အများကြီးမသိပါဘူး၊ ဒါပေမယ့် သူ့ကို ယူရို သန်း (၅၀) ၀န်းကျင်လောက်နဲ့ဆိုရင်တော့ ရောင်းထုတ်သွားမှာမဟုတ်ပါဘူး၊ ဖာနန်ဒက်စ် ထွက်သွားရင်လည်း သူ့နေရာကို ဒီလို အရည်အသွေးရှိတဲ့ ကစားသမားတစ်ဦးက ထပ်ရောက်လာဦးမှာပါ ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဖာနန်ဒက်စ် ဟာပြီးခဲ့တဲ့ ရာသီက အသင်းမှာ အကောင်းဆုံးခြေစွမ်းကိုပြသနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ (၃၂) ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ အသက် (၂၄) နှစ်အရွယ်ရှိ ဖာနန်ဒက်စ် ကို ယူနိုက်တက်အသင်းကွင်းလယ်မှာ အနာဂတ်မရေမရာဖြစ်နေတဲ့ ပေါ့ဘာ နေရာအစားထိုးဖို့အတွက် ခေါ်ယူဖို့ အဓိကပစ်မှတ်ထားနေတာဖြစ်ပါတယ်။

နည်းပြ ဆိုးရှားဟာ ဒီနွေမှာ အသင်း အတွက် လူငယ်ကစားသမားနှစ်ဦး ခေါ်ယူထားပြီး ကွင်းလယ်တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ် နဲ့ နောက်ခံလူ ဘစ်ဆာကာ တို့ဖြစ်ပါတယ်။ ဒါကြောင့် ကွင်းလယ်တစ်ဦးနဲ့ ခံစစ် နောက်တစ်ဦး ခေါ်ယူဖို့ ကြံရွယ်နေဆဲပါ။