ရုပ်ရှင်သရုပ်ဆောင် မင်းသွေး ဟာ အောက်တိုဘာလ (၃) ရက်နေ့မှာ ရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်။ မိခင်တစ်ယောက်အနေနဲ့ သားလေးတစ်ယောက် ဆုံးရှုံးသွားလိုက်ရတာကြောင့် ရူးမတတ်ဖြစ်နေပေမယ့် ကြိတ်မှိတ်မြိုသိပ်ထားတဲ့အပြင် သားဖြစ်သူ မျက်နှာကို နောက်ဆုံးအနေနဲ့တောင် ၀အောင် ကြည့်ခွင့်မရလိုက်တဲ့ ရင်တွင်းခံစားချက်တွေကို ခုလိုပဲ ရင်ဖွင့်ပြောပြလာခဲ့ပါတယ်။

“အမေတစ်ယောက်ရဲ့ ခံစားချက်၊ အသုဘချတဲ့နေ့က အကျည်းတန်ရုပ်ဆိုးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေတစ်ယောက်က သား တစ်ယောက်ရဲ့နောက်ဆုံး မျက်နှာလေးကို ၁၅ မိနစ်တောင် မကြည့်လိုက်ရဘူး၊ လူတွေတိုးတာ အရီး မခံနိုင်တော့ဘူး၊ သဂြိုဟ်ဖို့ ယူတော့မယ် ဆိုတဲ့ အချိန်မှာ အရီးလမ်းတ၀က်ပဲ ရောက်တယ်၊ နှာခေါင်းကလဲ အသက်ရှုလို့မရတော့ဘူး၊ ပါးစပ်ကလဲ အသက်ရှုလို့ မရတော့ဘူး၊ အဲဒါကြောင့် အရီး အပြင်ထွက်သွားတာ၊ အရီးအပင်အောက်မှာထိုင်နေတဲ့အချိန် သမီးက အမေ့ကို ဓါတ်ပုံ မရိုက်ကြပါနဲ့လို့ပြောတယ်၊ ပြောလို့မရတဲ့အချိန်မှာ သမီးက ငိုတယ်၊ ဖလက်ရှ်တွေဖွင့်ပြီး ရိုက်နေကြတာ၊ အရီးက ဘာမှတ်လဲဆိုတော့ ငါ့သားလေးရဲ့ နောက်ဆုံး မီးခိုးကို ကြည့်ပြီး အမျှအတန်း ဝေချင်ပေမယ့် မီးခိုးကိုတောင် အစအဆုံး အရီး မမြင်လိုက်ရပါဘူး၊”

“အရီးပြောချင်တာက အကယ်ဒမီပွဲလဲမဟုတ်ဘူး၊ ဟိုဘက်ဒီဘက်ညှပ်ပြီး ပျော်ပွဲစားထွက်လာတာ လဲမဟုတ်ဘူး၊ အပျော်ခရီးသွားတာလဲ မဟုတ်ဘူး၊ ကိုယ့်ရင်ထဲကသားလေးကို ဂူသွင်းမယ့်အချိန်မှာတောင် ကိုယ်ချင်းမစာကြပဲ ဓါတ်ပုံတွေ တဖျတ်ဖျတ်ရိုက်၊ လူတွေဆိုတာ သေမယ့် အမျိုးတွေပဲ၊ အဲဒါကြောင့် အရီးက ကိုယ့်ကိုကိုယ်စဉ်းစားတယ်။ ငါ့သားလေးသေသွားတယ်၊ ငါတို့ရဲ့မိသားစုဘ၀ တယ်ဆိုးပါလား၊ ကိုယ့်မိသားစုပဲ တစ်နာရီဖြစ်ဖြစ် နှစ်နာရီဖြစ်ဖြစ် နောက်ဆုံးအနေနဲ့နေချင်တာပေါ့၊ ဒါပေမယ့် ကြည့်ခွင့်မရဘူး၊ ညီလေး(နေတိုး) ကလေ ကြိတ်မှိတ်ပြီး ခံတယ်၊ သေတဲ့နေ့ကဆို အရီးကို ဟိုဘက် အပေါက်က ချောင်းကြည့်လိုက်၊ ဒီဘက် အပေါက်က ချောင်းကြည့်လိုက် အမေ ဆေးသွင်းပြီးပြီလား၊ အမေ ထမင်းစားပြီးပြီလား၊ ကိုယ်မျက်ရည်ကျလိုက်ရင် သူတို့တွေလဲ ခံစားရမယ်၊ သမီးလဲ လုံးဝ မျက်ရည်မကျရဘူးလို့၊ အမေပြောပြမယ်လို့ သမီး အစ်ကိုက ကောင်းရာမွန်ရာကို ရောက်လို့ ဒီလိုပြန်ပြောပြနိုင်တာလို့၊ အမေရယ် ဒီလိုနေပါ ဒီလိုပြုံးပါလို့ ဘယ်သူမှမပြောနိုင်ဘူးလို့၊”

“ဘုန်းဘုန်းတွေ တရားဟောရင် ပါပါတယ်၊ အသုဘတစ်ခေါက် ကျောင်းဆယ်ခေါက်တဲ့၊ အသုဘဆိုတာ တရားရှုမှတ်ဖို့အတွက်သွားရတာပါ၊ သူများရဲ့ အသုဘမှာ ဘုရားစာလေးရွတ်ပေးကြမယ်၊ တရားလေးမှတ်ပေးကြမယ်၊ အခုတော့ အဲဒီလိုမဟုတ်ဘူး၊ နောက်ပြီး အရီး တစ်ခု ကြားသေးတယ်၊ ထိုင်းက ကောင်လေးတစ်ယောက်က မင်းတို့နိုင်ငံက မင်းသားတစ်ယောက် သေတာ ပျော်စရာကြီးပါလားဆိုပြီး မေးတာ အရီးပြန်ကြားရတယ်၊ သူပြန်ပြောစရာမရှိဘူးတဲ့”

“သမီးငိုတဲ့အချိန်မှာ ပြောခဲ့တယ်၊ မငိုနဲ့၊ မေမေမှာဆိုလဲ သားတစ်ယောက် ဆုံးရတယ်၊ သမီးလဲ အစ်ကိုတစ်ယောက်ဆုံးတယ်၊ ဘာမှမပြောနဲ့၊ တကယ်လို့ မေမေတို့ ဓါတ်ပုံကိုရိုက်ပြီး ရောင်းစားလို့ ပိုက်ဆံရမယ်ဆိုရင် ဒါ ညီလေးငယ်အတွက် ကုသိုလ်ပဲလို့ မှတ်လိုက်လို့ အရီး ပြောလိုက်တယ်၊ လူတိုင်းလူတိုင်းက မသေဘူးဆိုတာမရှိဘူး၊ အရီး ဘ၀မှာ ဒီလိုပထမဆုံးကြုံရတာ၊ နောက်လူတွေ အရီးတို့လို မကြုံရအောင် ဒုက္ခရောက် နေတဲ့ မိသားစုတွေ၊ သားသမီးပဲဖြစ်ဖြစ်၊ အဖေပဲဖြစ်ဖြစ် အမေပဲဖြစ်ဖြစ် စိတ်အေးချမ်းသာစွာနဲ့ သဂြိုဟ်နိုင်အောင် ဘယ်သူ နစ်နာပါစေ လို့ ဆိုပြီး အရီးပြောတာလဲ မဟုတ်ပါဘူး၊ အရီးရဲ့ကိုယ်တွေ့ခံစားချက်လေးကို ပြောပြတာပါ၊”

“နောက်ဆုံးမှာ ညီလေးကိုလဲ ပြောပြခဲ့တယ်၊ သားရေ ဟိုမှာလာတဲ့သူတွေ အများကြီး နှုတ်ဆက်လိုက်ပါဆိုတော့ သူက အံကြိတ်ပြီး နှုတ်ဆက်ခဲ့သေးတာ၊ အရီးကလဲ လက်ပြခဲ့ပါသေးတယ်၊ သူတို့က ထမင်းရှင်တွေလေ၊ လူဆိုတာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဆိုတာရှိတယ်လေ၊ နှစ်ဦးနှ စ်ဖက်ကောင်းမှ ဖြစ်မှာလေ၊ ဘယ်လောက်ပဲ အရီးတို့ကောင်းလဲ သူတို့တွေမကောင်းရင် အဆင်ပြေမှာမဟုတ်ဘူး၊ သူတို့ကောင်းလဲ အရီးတို့ မကောင်းရင် အဆင်ပြေမှာမဟုတ်ဘူး၊ နောက်ဆုံးမှာ အရီးပြောချင်တာက ဘယ်သူပဲဖြစ်ဖြစ် နောက်ဆုံးခရီးလေးကို ငြိမ်ငြိမ် သက်သက်လေးနဲ့ ကိုယ့်သားလေးကို နမ်းရှုံ့ပြီး နောက်ဆုံးအနေနဲ့ မြင်ခဲ့ချင်တာ၊ အိမ်ကသွားတဲ့စိတ်ကူးက ငါ့သားလေး နောက်ဆုံးခရီးကို အေးအေး ဆေးဆေးလေး ဖြစ်စေချင်တယ်၊ အရီးတို့လို မခံစားရပါစေနဲ့လို့၊ ကိုယ်ချင်းစာစိတ် ထားကြပါလို့ ပြောချင်ပါတယ်” လို့ မင်းသွေးရဲ့မိခင် ကပြောပြခဲ့တာ ဖြစ်ပါတယ်။

Yangon Life Myanmar