အာဆင်နယ်ကစားသမားဟောင်း အီရန်ရိုက်က ကလပ်အသင်းဟာ ရမ်ဆေးကို သက်တမ်းတိုးစာချုပ် ထပ်မပေးတော့ဖို့ ဆုံးဖြတ်လိုက်တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါလို့ ထုတ်ပြောလိုက်ပါတယ်။ ကလပ်အသင်းအတွက် သွင်းဂိုးတွေ သွင်းပေးနေပေမယ့် ဒီရာသီဟာ ရမ်ဆေးအတွက် နောက်ဆုံးရာသီ ဖြစ်လာမယ်လို့ အီရန်ရိုက်က ယုံကြည်နေတာပါ။

နိုဝင်ဘာလထဲ ဘရာဇီးနဲ့ ဥရုဂွေးတို့ ယှဉ်ပြိုင်ကစားမယ့် ချစ်ကြည်ရေးပွဲကိုတော့ အာဆင်နယ်အသင်းရဲ့အိမ်ကွင်း အမ်းမရိတ်မှာ ယှဉ်ပြိုင်သွားမယ် လို့ သိရပါတယ်။ လာမယ့်ရာသီ ကိုပါအမေရိကန်အတွက် ပြင်ဆင်မှုလည်းဖြစ်လာမှာဖြစ်ပြီး နိုဝင်ဘာလ 16 ရက်မှာ ယှဉ်ပြိုင်သွားကြမှာပါ။

အာဆင်နယ်အသင်းရဲ့ စက်တင်ဘာလ တစ်လတာအကောင်းဆုံး ကစားသမားဆုနဲ့ အကောင်းဆုံး သွင်းဂိုးဆု နှစ်ခုလုံးကို တိုက်စစ်သမား လာကာဇက်တီက ရရှိသွားပါတယ်။

ပေါ့ဘာရဲ့ အများမြင်သာမယ့် အနေအထားမျိုးတွေမှာ ပြောတဲ့ မှတ်ချက်စကားတွေက ယူနိုက်တက် မန်နေဂျာ မော်ရင်ညိုကို အကြပ်အတည်းတွေ့စေမယ့် ဖိအားပေးမှုဖြစ်ကြောင်း ယူနိုက်တက်နဲ့ ပြင်သစ်ကစားသမားဟောင်း Louis Saha က သုံးသပ်ပြောဆိုလိုက်ပါတယ်။

“အခု ကျနော်တို့ (အသင်း) ရှိနေတဲ့ နေရာက ကျနော် အလိုရှိတဲ့ အရာမဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့ နိုင်ငံပွဲတွေပြီးရင် အရေးကြီးတဲ့ ပွဲနှစ်ပွဲ ရှိတယ်။” လို့ လူကာကူက ယူနိုက်တက်နဲ့အတူ နေရာမှန် ပြန်ရောက်ဖို့ ကြိုးစားမယ့် အကြောင်း ဖွင့်ဟထားပါတယ်။

ဆွီဒင်ကစားသမားဟောင်းကြီး လာဆင်ရဲ့ လတ်တလော ဖြေကြားထားတဲ့ အင်တာဗျူးမှာ ၄င်းရတဲ့ တစ်ခုတည်းသော နောက်တကတော့ ယူနိုက်တက်မှာ ဒိထက်ကြာကြာ မနေဖြစ်ခဲ့တာပဲလို့ ပြောဆိုထားပါတယ်။

စပိန် အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်ကတော့ လာမယ့် ဇန်န၀ါရီ အပြောင်းအရွှေ့မှာ စပါးတိုက်စစ်မှူး ကိန်းကို အရခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သတင်းများမှာ ဖော်ပြလာပါတယ်။

စပါးနောက်တန်း ကစားသမား ဒန်နီရို့စ်မှာ ပေါင်ခြံဒဏ်ရာရှိနေတဲ့အတွက် ခရိုအေးရှားနဲ့ရင်ဆိုင်မယ့် အင်္ဂလန်အသင်းမှာ ပါဝင်ဖို့ မသေချာကြောင်း သိရပါတယ်။

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ကလပ်အသင်းဟာ ချိန်ဘာလိန်ကို စောင့်မျှော်နေပါတယ်လို့ ထုတ်ပြောလိုက်ပါတယ်။ ဒဏ်ရာကနေ ပြန်သက်သာလာဖို့ ပြန်လည်ထူးထောင်ရေးလုပ်နေရတဲ့ ချိန်ဘာလိန်ဟာ ကလပ်အသင်းရဲ့ အရေးတဲ့ကစားသမားဖြစ်ပြီး ဖြစ်နိုင်သလောက် မြန်မြန်ပြန်လာခဲ့ပါလို့ ဟန်ဒါဆန်က အားပေးခဲ့တာပါ။

လာလီဂါကလပ် ဘာစီလိုနာဟာ လီဗာပူးအသင်းမှ မိုရီနိုကို ဇန်နဝါရီမှာ ခေါ်ယူဖို့ စကားပြောမှုတွေ ပြုလုပ်လိုနေတယ်လို့ သိရပါတယ်။ 2014 ခုနှစ်က လီဗာပူးကို ပေါင် 12 သန်းနဲ့ ပြောင်းလာခဲ့တဲ့ အသက် 26 နှစ်အရွယ် ဘယ်နောက်ခံလူအတွက် လီဗာပူးက ခေါ်ယူခဲ့တဲ့ ကြေးအတိုင်း ပြန်လည်အလိုရှိနေပါတယ်။

လီဗာပူးဗဟိုခံစစ်သမားဟာ ဗန်ဒိုက်က မန်စီးတီးနဲ့ပွဲမှာ ကလပ်အသင်းဟာ သရေတစ်မှတ်ကလွဲပြီး ဘားမှမရဘူးဆိုတဲ့ အမြင်တွေကို ဆန့်ကျင်ခဲ့ပါတယ်။ ဗန်ဒိုက်က နောက်ဆုံးအကြိမ် ယှဉ်ပြိုင်မှုမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကြောင့် ဒီရာသီ ကလပ်အသင်းနည်းတူ ချန်ပီယံရေပန်းစားတဲ့ မန်စီးတီးအသင်းထံက လေးစားမှုကို လီဗာပူး ရရှိခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။

ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့ဟာ ဒေါ့မွန်ဆယ်ကျော်သက် ဆန်ချိုကို ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားနေပါတယ်။ အင်္ဂလန်မန်နေဂျာဆောက်ဂိတ်ဟာ အင်္ဂလန် စီနီယာအသင်းအတွက် ဆန်ချိုကို ခေါ်ယူထားပြီး ကလပ်အသင်းတွေက လက်ရွေးစင်အသင်းနဲ့ လေ့ကျင့်ရေးဆင်းမယ့် ဆန်ချိုကို စောင့်ကြည့်မှု ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ESPN သတင်းဌာနက ချဲလ်ဆီးအသင်းဟာ ကလပ်အသင်းရဲ့အဓိက တိုက်စစ်သမား ဟာဇက်ကို သက်တမ်းတိုးဖို့ ပြင်ဆင်နေပြီလို့ ထုတ်ဖော်ပြောဆိုလာပါတယ်။ လန်ဒန်ကလပ်ဟာ ဟာဇက်ကို တစ်ပတ်လုပ်ခ သုံးသိန်းအထက်မှာ အခြားသော ခံစားခွင့်တွေပါဝင်ဦးမယ့် စာချုပ်သစ်ကို ပေးဖို့ အာရုံစိုက်လာကြောင်း အဆိုပါ သတင်းက ဖော်ပြပါတယ်။

ချဲလ်ဆီးခံစစ်သမား ခရစ်စတန်ဆန်က အသင်းမှာ ပွဲထွက်ခွင့်တွေ နည်းပါးနေတာအတွက် စိတ်ပျက်မိတယ်လို့ ထုတ်ဖော်ပြောဆိုမှု ပြုလုပ်လာပါတယ်။ မန်နေဂျာဆာရီလက်ထက်မှာ အကန့်အသတ်ရှိလာတဲ့ ဒီရာသီဟာ ရာသီကောင်းမဟုတ်ဘူးလို့လည်း သူက ညည်းတွားလိုက်ပါတယ်။

မန်စီးတီး ဂိုးသမား အီဒါဆန်က ဘရာဇီးအသင်းဖော်ဖြစ်တဲ့ လီဗာပူးဂိုးသမား အယ်လီဆန်က ၄င်းထက် ခြေတစ်လှမ်းသာ နေကြောင်း ၀န်ခံပြောကြားလိုက်ပါတယ်။ ဘရာဇီးလက်ရွေးစင်အသင်းမှာ အီဒါဆန်က အယ်လစ်ဆန်နောက် နံပါတ် ၂ နေရာမှာ ရှိနေဆဲဖြစ်ပါတယ်။

မန်စီးတီး စီနီယာအသင်းမှ ကစားသမား ၁၃ ယောက်ထိ လာမယ့် ၁၀ ရက် နိုင်ငံပွဲတွေအတွက် အသီးသီး စေလွှတ်ထားရပါတယ်။ သူတို့ကတော့ ဗင်းဆင့်ကွန်ပနီ (ဘယ်ဂျီယံ)၊ စတုန်း၊ ၀ါကာ၊ စတားလင်း (အင်္ဂလန်)၊ ဆာနေး (ဂျာမနီ)၊ ဘာနာဒို ဆေးလ်ဗား (ပေါ်တူဂီ)၊ ဇီချန်ကို (ယူကရိန်း)၊ အော်တာမန်ဒီ (အာဂျင်တီးနား)၊ အီဒါဆန်၊ ဒန်နီလို၊ ဂျီးဆု (ဘရာဇီး)၊ မာရက်ဇ် (အယ်လ်ဂျီးရီးယား)နဲ့ ဖီးလ်ဖိုဒန် (အင်္ဂလန် U21) အသင်းတို့ ဖြစ်ပါတယ်။

“ကျနော် သမရိုးကျ ခံစစ်မှူးဆိုတာထက် ကိုယ့်ကိုကိုယ် မော်ဒန်ခံစစ်မှူးလို့ ခံယူထားပါတယ်။ ဘောလုံးသွားလာမှု တလျှော် ပိုမို ပါဝင်ခွင့် ရဖို့ ကြိုးစားတယ်… နောက်ပြန်ပေးလိုက်တဲ့ ဘောလုံးကနေ long pass တွေပို့ပေးရတာ သဘောကျတယ်” လို့ မန်စီးတီး ခံစစ်မှူး လာပေါ်တီက ပြောကြားလိုက်ပါတယ်။