ညက စပိန်မြေမှာ ဗလင်စီယာကို အာဆင်နယ်အသင်းက အဝေကွင်းမှာ ၄-၂ ဂိုးနဲ့ အနိုင်ကစားခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၇ -၃ ရလဒ်နဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့တာပါ။

အာဆင်နယ်အတွက် ဂိုးတွေကို အူဘာမီယန်းက ဟက်ထရစ်၊ လာကာဇက်တီက ၁ ဂိုး သွင်းယူခဲ့တာပါ။ အူဘာမီယန်း ဒီလို ဟက်ထရစ် သွင်းနိုင်တာဟာ ၂၀၁၆တုန်းက လူးကပ်ပီရက်ဇ် အာဆင်နယ်အတွက် ချန်ပီယံလိဂ်မှာ ဟက်ရစ်သွင်းယူပေးနိုင်ပြီးနောက် ပထမဆုံး ဥရောပ အဆင့်ပြိုင်ပွဲမှာ ဟက်ထရစ်ပြန်သွင်းယူပေးနိုင်သူလည်း ဖြစ်လာခဲ့တာပါ။

အာဆင်နယ်အသင်းရဲ့ နည်းပြ အူနိုင်း အမ်မရီဟာ ဒီနှစ်မှာမှ အာဆင်နယ်အသင်းကိုစတင် တာဝန်ယူကိုင် တွယ်ခဲ့တာ ဖြစ်ပေမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲကို ခေါ်ဆောင်ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အူနိုင်းအနေနဲ့ ယူရိုပါလိဂ် ဘုရင်ကြီးလို့ တင်စားခံရလောက်အောင် ဆီဗီလာအသင်းနဲ့အတူ ယူရိုပါလိဂ် ဆုဖ လားကို ၃ နှစ်ဆက် ကိုင်မြှောက် ထားနိုင်တာလည်း ဖြစ်လို့ အာဆင်နယ်အသင်းကိုလည်း ယူရိုပါလိဂ် ဆုဖလား ရယူပေးနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။

အာဆင်နယ်အသင်း ယူရိုပါလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်တာ အသင်းသမိုင်းတစ်လျှောက် ယူရိုပါလိဂ်ပြိုင်ပွဲ အမည်အောာက်မှာ ပထမဆုံးအကြိမ် ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ယခင် ယူအီးအက်ဖ်အေ ဖလားပြိုင်ပွဲ အမည်နဲ့ ကျင်းပစဉ်က ၂၀၀၀ ခုနှစ်မှာ ဗိုလ်လုပွဲကို အာဆင်နယ် တစ်ကြိမ် တက်လှမ်းဖူးပြီး ထိုစဉ်က ဂါလာတာစာရေးအသင်းကို အရေးနိမ့်ပြီး ဒုတိယဆုနဲ့ ကျေနပ်ခဲ့ရ တာပါ။

အဲ့နောက်ပိုင်း ၂၀၀၉-၁၀ ဘောလုံးရာသီမှာတော့ ယူအီးအက်ဖ်အေဖလားပြိုင်ပွဲအမည်ကနေ ယူရိုပါလိဂ် ပြိုင်ပွဲ အမည်ကို ပြောင်းလဲ လိုက်ချိန် မှာတော့ အာဆင်နယ်အသင်းအနေနဲ့ အခုတစ်ကြိမ်ဟာ ပထမဆုံး အကြိမ် ဗိုလ်လုပွဲကို ပြန်လည် တက်လှမ်းလာနိုင်တာပါ။

မနှစ်ကလည်း ဆီမီးဖိုင်နယ်အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပေမယ့် စပိန်ကလပ် အက်သလက်တီကိုအသင်းကို အရေးနိမ့်ပြီး ဗိုလ်လုပွဲနဲ့ ဝေးခဲ့ပါတယ်။ ဒီနှစ် ယူရိုပါလိဂ် ဗိုလ်လုပွဲကိုတော့ လာမယ့် မေလ ၂၉ ရက်နေ့မှာ အဇာဘိုင်ဂျန်နိုင်ငံရှိ ဘာကူ အားကစား ကွင်းကြီးထဲမှာ ပရီးမီးယားလိဂ်မှ ပြိုင်ဘက် ချယ်ဆီးနဲ့ ထိပ်တိုက်ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။