ချယ်ဆီးအသင်းဟာ ဗုဒ္ဓဟူးနေ့ညက ကစားတဲ့ New England Revolution အသင်းနဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲ ကစားကြရာ ချယ်ဆီးက ၃-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ချယ်ဆီးအတွက် ဂိုးတွေကို ဘာကလေ ၂ ဂိုး၊ ဂျီရူး ၁ ဂိုး သွင်းယူပေးခဲ့ပါတယ်။

ဒီပွဲမှာ ချယ်ဆီးအတွက် ထိုးနှက်ချက် အနေနဲ့ ကွင်းလယ်ကစားသမား လော့ဖ်တပ်ချိ ဘယ်ခြေ ဒဏ်ရာ ရသွားခဲ့ပါတယ်။ လော့ဖ်တပ်ချိ က ပြိုင်ဘက် ကစားသမားတွေနဲ့ ထိမိတာ မဟုတ်ဘဲ ဘောလုံးဆွဲယူဖို့ ကြိုးစားရင်း ခြေချင်းချိတ်ပြီး မြေပြင်ပေါ် လဲကျသွားခဲ့တာပါ။ ၄င်းက ချယ်ဆီး အသင်း ဒုတိယပိုင်း လူစားလဲမှု အများအပြား လုပ်တဲ့ချိန်မှာ ၀င်ကစားခဲ့တာ ဖြစ်ပြီး ၂၂ မိနစ်ခန့်သာ ကွင်းထဲမှာ ကြာခဲ့ပါတယ်။

ချယ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်က နည်းပြ ဆာရီကို အသင်းကနေ ထုတ်ပယ်ရန် စဉ်းစားစ ပြုလာပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဆာရီက ပွဲဦးထွက်ရာသီမှာ ချယ်ဆီးကို ပြည်တွင်းမှာ အဆင့် ၃ အပြင် ဖလားဖိုင်နယ် ၂ ခု တက်ရောက်အောင် စွမ်းဆောင်ပေးထားခဲ့ပါတယ်။

ချယ်ဆီး လူငယ် တိုက်စစ်သမား ကော်လမ်ဟုဒ်ဆန် အိုဒွိုင်းဟာ ဟာဇက်ရဲ့ ကျောနံပါတ် ၁၀ ကို အလိုရှိနေတယ်လို့ သိရပါတယ်။ အိုဒွိုင်းက လန်ဒန်ကလပ်မှာပဲ ဆက်နေလိုပြီး သူက ဟာဇက်နေရာ အစားထိုးမယ့်သူ ဖြစ်ရင် စာချုပ်သစ် ချူပ်ဆိုဖို့ အကူအညီ ဖြစ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ပရီးမီးယားလိဂ်ဟာ လာမယ့် ဘောလုံးရာသီမှာ VAR စနစ်ကို စတင်ကာ ကျင့်သုံးသွားမှာဖြစ်ပေမယ့် အဆိုပါ စနစ်မှာ အရေးကြီးတဲ့ ကန့်သတ်ချက်တစ်ခုကို ထည့်သွင်းသွားမှာဖြစ်ပါတယ်။ ပွဲကစားနေစဉ်မှာ အသင်းသားတွေဟာ အငြင်းပွာဖွယ် ဆုံးဖြတ်ချက်ဖြစ်လာတဲ့အခါ VAR စနစ်နဲ့ ကြည့်ပြီး ဆုံးဖြတ်ပေးဖို့ တောင်းဆိုကြောင်း လက်ဟန်ခြေဟန် အမူအရာနဲ့ ဖိအားပေးခဲ့မယ် ဆိုရင် အဝါကတ် ပြသခံရမှာဖြစ်တယ်။

ချယ်ဆီးအသင်းဟာ အငှားခေါ်ယူထားတဲ့ တိုက်စစ်မှူး ဟီဂူအင်ကို ဆက်လက်ခေါ်ယူဖို့ အတည်မပြုနိုင်သေးဘဲ ရှိနေပါတယ်။ ဟီဂူအင်ကိုသာ ဆက်ခေါ်ထားရင် တိုက်စစ်မှူး ဂျီရူးက အရန်အဖြစ် ဆက်မနေလိုတာကြောင့် အသင်းပြောင်းဖို့ ဖြစ်လာတော့မှာပါ။

ချယ်ဆီးအသင်းခေါင်းဆောင် ကွီတာက ယူရိုပါလိဂ် ဗိုလ်လုပွဲ မတိုင်ခင် New England Revolution အသင်းနဲ့ ခြေစမ်းပွဲ ကစားတာက အသင်းအတွက် အကျိုးရှိမယ်လို့ ပြောဆိုလိုက်ပါတယ်။

အသင်း ပိုင်ရှင် ရိုမန် အေဗရာမိုဗစ်က ကလပ်အသင်းနဲ့ ပတ်သတ်ပြီး အခုထိ ဂရုတစိုက် ရှိနေဆဲ ဖြစ်ပြီး ချယ်ဆီးအသင်းနဲ့ ဆုဖလားများ အောင်မြင်လိုနေတယ်လို့ ခံစစ်မှူး ဒေးဗစ်လူးဝစ်က ဖွင့်ဟပြောဆိုခဲ့ပါတယ်။