အေဂျက်ခံစစ်မှူး ဒီလစ်ဟာ မန်ယူနဲ့ အပြောင်းအရွှေ့ကို ငြင်းဆန်ထားတယ်လို့ သတင်းထွက်ထားပြီး ပိုမိုသိလာရတဲ့ သတင်းတွေအရ သူဟာ ဘာစီလိုနာကို ပြောင်းမယ်ဆိုတဲ့ သတင်းတွေကိုလည်း ပယ်ချခဲ့ကာ တကယ်တမ်းကတော့ အနာဂတ်ကို မဆုံးဖြတ်ရသေးတာဖြစ်တယ်လို့ သိရပါတယ်။

ချန်ပီယံလိဂ်မှာ ပြသနေတဲ့ ခြေစွမ်းတွေကြောင့် ဥရောပအသင်းကြီးအများစုရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရတဲ့ ဒီလစ်ကို ကမ်းလှမ်းမှုအား မန်ယူဘက်က ပြုလုပ်ထားပြီး ရေပန်းအစားဆုံးကတော့ ဘာစီလိုနာဖြစ်ပါတယ်။ အေဂျက်အသင်းကို နောက်တန်းကနေ အကောင်းဆုံးမောင်းနှင်ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ပရီးမီးယာလိးဂ် အပြောင်းအရွှေ့ကာလ စတင်ခဲ့ပြီဖြစ်လို့ အင်္ဂလန်ကလပ်တွေဟာ လူခေါ်ဖို့ စတင်ကာ ချိတ်ဆက်နေပါပြီ။ ဒီနှစ်မှာ မန်ယူရဲ့ လူစာရင်း အနေအထားကြောင့် အပြောင်းအရွှေ့တွေမှာ ကြီးကြီးမားမား ဝင်ရောက်လုပ်ရှားဖွယ်ရှိပြီး ဒီလစ်ကို ဦးစားပေးထဲ ထည့်ထားပါတယ်။

ဒီလစ်က -“အခုက အနာဂတ်အကြောင်း ဆွေးနွေးရမယ့်အချိန် မဟုတ်သေးပါဘူး။ ဘာကာကို ပြောင်းမလားဆိုရင် မသိသေးပါဘူး။ အရင်ဆုံး အားလုံးကိုသေချာဖို့ ကြိုးစားရဦးမှာပါ။ ပြီးရင်တော့ တစ်ခုခုဖြစ်လာပါလိမ့်မယ်။ အခုချိန်မှာတော့ ဘာဖြစ်လာမလဲဆိုတာကို မပြောနိုင်သေးပါဘူး။ မကြာခင် သိရမှာဖြစ်ပေမယ့် အခုချိန်မှာ ဆုံးဖြတ်ချက် မလုပ်ရသေးပါဘူး ” လို့ ဒီလစ်က ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ် ခံစစ်သမားဟာ ထိပ်တန်းအဆင့်ကို ရောက်လာနိုင်သူဖြစ်ပြီး မန်ယူကို ရောက်ခဲ့မယ်ဆိုရင် သူနဲ့ လင်ဒီအော့အတွဲဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအတွဲ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားရပါတယ်။