လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၄ အဖြစ် လိဒ်ယူနိုက်တက်ကွင်းထဲ သွားရောက် ယှဉ်ပြိုင်ရာမှာ ဆာလာ၊ ဖာဘင်ညို၊ မာနေးတို့ရဲ့ သွင်းဂိုးတွေဖြင့် ၃ ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်ဟာ တိုက်စစ်နဲ့ ခံစစ်ကို အပြောင်းအလဲကြီးတွေ မလုပ်ခဲ့ဘဲ ကွင်းလယ်မှာ သီယာဂို၊ ဖာဘင်ညိုနဲ့ အယ်လီးယော့အတွဲကို ထုတ်သုံးလာခဲ့တယ်။ ၁၈ နှစ်သားပဲ ရှိသေးတဲ့ အယ်လီးယော့အပေါ် ယာဂင်က အများကြီး မြင်ထားပုံရပြီး စီနီယာတွေကို ကျော်ပြီး ဆယ်ကျော်သက်လေးကို စဉ်တင်ပေးဖို့ ကြိုးစားနေခဲ့တာဖြစ်ပါတယ်။

ပပွဲစလာကတည်းက လီဗာပူးဟာ ပွဲကို လွှမ်းမိုးထားခဲ့ပြီး ပေးချက်တွေ မြန်မြန်ဆန်ဆန်ဖြင့် ခပ်သွက်သွက် ကစားဖို့ တုန့်ပြန်နိုင်ခဲ့တယ်။ ချယ်ဆီးနဲ့ပွဲတုန်းက အမှားတွေကို ပြင်ဆင်ပြီး ဘောလုံးပေးချက်တွေ တုန့်နှေးမနေဖို့နဲ့ ရွှေ့လျားမှုတွေကို လုပ်နိုင်သလောက် အမြန်ဆုံးလုပ်ဖို့ စီမံနိုင်ခဲ့တာကြောင့် အသင်းရဲ့ တိုက်စစ်အတွက် လှုပ်ရှားမှုတွေက ကောင်းမွန်ခဲ့ပါတယ်။

ညာခြမ်းတိုက်စစ်ကို ပိုမို အားပြုခဲ့ပေမယ့် ဂျိုတာကို နံပါတ် ၉ နေရာအစား နံပါတ် ၁၀ နေရာ ပိုမို တာဝန်ယူစေပြီး တိုက်စစ်သမား သုံးယောက်နောက်ကနေ နေရာလွတ်တွေကို ဝင်လှုပ်ရှားစေတဲ့ ပုံစံဖြင့် အယ်လီးယော့ကို မွှေနှောက်ကစားစေခဲ့တယ်။ ကွင်းလယ်လူတွေဖြစ်တဲ့ ဖာဘင်ညိုနဲ့ သီယာဂိုတို့ဟာ တိုက်စစ်သမားတွေနောက်က ထောက်တိုင်တွေအဖြစ် ဘောလုံးဖြန့်ဝေမှုတွေကို တာဝန်ယူခဲ့ကြတယ်။

အဖွင့်ဂိုးကတော့ ဧရိယာထိပ်ထိ ရောက်လာတဲ့ မာတစ်က ညာခြမ်းက ထရန့်ထံ ထိုးပေးခဲ့ပြီး အစွန်ဘက်ကနေ ထရန့်က ဖြတ်တင်ဘောပေးခဲ့ရာ ဆာလာ ပိတ်သွင်းခဲ့ပါတယ်။ ဆာလာဟာ ညာခြမ်းတိုက်စစ်မှာ အတက်အဆင်းတွေဖြင့် ထိုးဖောက် ကစားနိုင်ခဲ့ပေမယ့် ဘယ်ခြမ်းက မာနေးဟာ ရလာတဲ့ အခွင့်အရေးတွေကို ဆန္ဒတွေစောပြီး အတော်လေး ဖြုန်းတီးနေခဲ့တာဖြစ်တယ်။

ဘယ်ခြမ်းမှာ မာနေးရဲ့ ယုံကြည်မှု ကျဆင်းနေခြင်းလား ကံခေနေခြင်းလား ဝေခွဲမရနိုင်တဲ့ ဖြစ်ရပ်တွေကပဲ သူ့ရဲ့ သွင်းဂိုးရနိုင်ခွင့်တွေကို ဆုံးရံှုးစေခဲ့ပါတယ်။ တိုက်စစ်သမား ၄ ယောက်ရဲ့ တွဲဘက်မှုဟာ စင်းလုံးချော ဖြစ်မနေပေမယ့် အတော်လေး ကောင်းမွန်ပြီး လိဒ်ဘက်ကို အကြိမ်ကြိမ် အန္တရာယ်ပေးနိုင်ခဲ့ပါတယ်။ အကယ်လို့ မာနေးနဲ့ အယ်လီးယော့တို့ နေရာကောင်းမှာ ရတဲ့ အခွင့်အရေးတွေကို အသုံးချနိုင်ရင် ပထမပိုင်းမှာ ဂိုးပြတ်နေခဲ့မှာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း မပြောင်းလဲတဲ့ လူစာရင်းဖြင့် ပွဲထုတ်လာခဲ့ပြီး လီဗာပူးက အခွင့်အရေးတွေ ထပ်မံ ရှာဖွေနိုင်ပါတယ်။ မာနေးရဲ့ လွဲချော်မှုတွေကို ထပ်မြင်ခဲ့ရပြီး အပိုင်အခွင့်အရေးတွေကို ဂိုးအဖြစ် မပြောင်းနိုင်ခဲ့ပေမယ့် သူနဲ့ ဆာလာတို့ ထိုးဖောက်မှုက ရလာတဲ့ ထောင့်ကန်ဘောကို ဧရိယာအတွင်းမှာ ရှိနေတဲ့ ဖာဘင်ညိုက အပြင်း ကန်သွင်းပြီး ဒုတိယ ဦးဆောင်ဂိုး ရယူသွားခဲ့တယ်။

ယာဂင်က ခပ်စောစော လူစားလဲမှုအဖြစ် အယ်လီးယော့နေရာ ဟန်ဒါဆန် ထည့်သုံးဖို့ ပြင်ဆင်နေချိန်မှာပဲ ဆယ်ကျော်သက် ကွင်းလယ်လူ အယ်လီးယော့ဟာ ပြိုင်ဘက်အသင်းသားနဲ့ ထိခိုက်ခဲ့ပြီး ပြင်းထန်တဲ့ ဒဏ်ရာ ရသွားခဲ့ပါတယ်။ အားကစားကျင့်ဝတ်အရ ဖြစ်ရပ်ကို ပြန်မပြပေမယ့် ဆာလာ ဆေးအဖွဲ့ကို အကူအညီ မတောင်းခင်မှာ အယ်လီးယော့ ခြေကျင်းဝတ် တွဲလဲဖြစ်နေခဲ့တာကို မြင်ခဲ့ရတယ်။

လိဒ်ကစားသမား တိုက်ရိုက် အနီဖြင့် ကွင်းထဲက ထွက်ခဲ့ရပြီး တစ်ယောက်လျော့ အနေအထားမှာ လီဗာပူအသင်းသားတွေဟာ ပွဲကို လွှမ်းမိုးခဲ့ပါတယ်။ အဆိုပါ ဖြစ်ရပ်အပြီး အသင်းသားတွေက စိတ်မချမ်းမြေ့မှုတွေကြောင့် တုန့်ဆိုင်နေခဲ့ကြသေးပေမယ့် မိနစ် ၈၀ နောက်ပိုင်းမှာ ပွဲက ပြန်သွက်လာခဲ့ပါတယ်။

ဂိုးမရမချင်း စိတ်ဖိစီးနေတဲ့ မာနေးဟာ ဟန်ဒါဆန်၊ သီယာဂိုတို့ရဲ့ ကြိုးစားပေးမှုကနေ နာကျင်အချိန်ပိုမှာ သွင်းဂိုးတစ်ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ မာနေးဟာ အခွင့်အရေးတွေကို အကြိမ်ကြိမ် ရှာဖွေနိုင်ခဲ့ပေမယ့် အဆုံးသတ်ချိန်မှ အတော်လေးကို ကံဆိုးနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မာနေးရဲ့ အသင်းဖော်တွေနဲ့ တွဲဘက် မကစားမှုကတော့ စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် အသင်းဟာ ယူနိုက်တက်၊ ချယ်ဆီးတို့နဲ့ ရမှတ်တူဖြင့် အမှတ်ပေးဇယား တတိယနေရာကို တက်လှမ်းလာခဲ့ပြီဖြစ်ပါတယ်။