လီဗာပူးတိုက်စစ်မှုး မိုက်ကယ် အိုဝင်ကတော့ အန်းဖီးကလပ်ဟာ အားထားရတဲ့ တိုက်စစ်မှုး မိုဟာမက် ဆာလာကို သက်တမ်းတိုး စာချုပ် ချုပ်ဆိုနိုင်မယ်လို့ ယုံကြည်ပေမယ့် အာဆင်နယ်လို အမှားတွေ မလုပ်ဖို့ ထောက်ပြ သတိပေးလိုက်ပါတယ်။

အီဂျစ် တိုက်စစ်မှုးရဲ့ လက်ရှိ စာချုပ်က ၂နှစ် လျော့လျော့သာ ကျန်တော့တာ ဖြစ်ပြီး ဒီနွေမှာ လီဗာပူးက စီနီယာ အသင်းသားတွေကို သက်တမ်းတိုး စာချုပ်တွေ တောက်လျောက် ချုပ်ဆိုနေရာမှာ ဆာလက် ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ လီဗာပူးဟာ ဗန်ဒိုက်၊ ထရန့်၊ ဖာဘင်ညို တို့ကို လောလော လတ်လတ် သက်တမ်းတိုးထားနိုင်ပြီး ဖြစ်ပါတယ်။

အိုဝင်ကတော့ အာဆင်နယ်အသင်းဟာ အူဘာမီးယန်းနဲ့ သက်တမ်းတိုး စာချုပ် လုပ်ဆောင်ခဲ့တာက မှားယွင်းမှုတွေ ရှိခဲ့ကြောင်း ထောက်ပြပြီး ဆာလာကို လီဗာပူး သေချာစီမံနိုင်ဖို့ သတိပေးခဲ့ပါတယ်။ အထူးသဖြင့် ဆာလာရဲ့ လုပ်ခကို အခြားသူတွေထက် ချွန်ပြီး ပေးမယ်ဆိုရင် ကလပ်ရဲ့ စုဖွဲ့မှုကို ထိခိုက်မယ်လို့ သူက မြင်တယ်။

” ဆာလာရဲ့ သက်တမ်းတိုး ကိစ္စက တခြားသူတွေထက် နည်းနည်းတော့ ရှုပ်ထွေးမယ်လို့ ကျနော် ထင်တယ်၊ သူက အသင်းရဲ့ အဓိက ဂိုးသွင်းရှင် ဖြစ်ပြီး လစာမြင့်မြင့်လည်း ရနေသူပါ။ နောက်ပြီး ဒီတစ်ကြိမ်က သူ့ရဲ့ နောက်ဆုံး စာချုပ်ကြီးလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။

ကလပ်ရဲ့ အမြင် ဆိုရင် လူတိုင်းက ဆာလာ လိုချင်တာ ပေးလိုက်လို့ ပြောနေကြမှာ သိပါတယ်။ ဒါပေမယ့် တကယ့်တကယ် ပရိသတ်တွေ အကုန်က ဒီလို လိုချင်တာတော့ မဟုတ်ဘူး။

ကလပ်အသင်း ဆိုတာက သူ့ စည်းနဲ့ သူ၊ သူ့ဖွဲ့စည်းပုံနဲ့ သူ ရှိရတာပါ။ ဆာလာကို ဗန်ဒိုက် လစာ နှစ်ဆ ပေးထည့်လိုက်ရင် သူတို့ကြား ထရိန်နင်မှာ ချက်ချင်း ပြသနာ ရှိလာနိုင်သေးတယ်။

ကျနော်တို့ နှစ်တွေ အကြာကြီး ဖြတ်သန်းလာတော့ ဒါမျိုးတွေ အများကြီး ကြုံဖူးတယ်။ အာဆင်နယ်မှာ ဆို အဓိက မြင်နေရတာပေါ့။ အူဘာမီးယန်း ကို သူ လိုချင်တာ ပေးလိုက် ဆိုပြီး ပေးတော့ အခု ကြည့်ဦး။

ဒါက ဆာလာရဲ့ နောက်ဆုံး စာချုပ်ကြီး ဖြစ်တယ်၊ တခြားနေရာ ရွေ့မှာ မဟုတ်ဘူး။ သူက တစ်ပတ်ပြီး တစ်ပတ် သူ လုပ်နိုင်တာ လုပ်သွားမယ်။ ဒါပေမယ့် ပြောသလောက်တော့ မလွယ်ဘူး။

ဆာလာက လီဗာပူးရဲ့ ထိပ်တန်း လစာရတဲ့ ကစားသမား ဖြစ်လာနိုင်ပါတယ်။ လီဗာပူးက နည်းလမ်း ရှာပါလိမ့်မယ်။ အခုထိ စကားလုံးတွေ ထွက်မလာသေးဘူး ဆိုတော့ ခရီးရောက်ဖို့ လိုဦးမယ့် ပုံပါ။ လီဗာပူးက ပြီးမြောက်အောင် လုပ်နိုင်ပါလိမ့်မယ်။ သူတို့လည်း ဖြစ်နိုင်သလောက် မျှမျှတတ ဖြစ်အောင် လုပ်ရမှာပါ။ ” လို့ မိုက်ကယ် အိုဝင်က သုံးသပ် ပြောဆိုခဲ့ပါတယ်။

ဆာလာဟာ ညက လီဗာပူးအသင်းရဲ့ အေစီမီလန်ကို နိုင်တဲ့ ချန်ပီယံလိဂ် နိုင်ပွဲမှာလည်း အဖိုးတန် သွင်းဂိုး တစ်ဂိုး သွင်းယူပေးခဲ့ကာ ဒီရာသီ သွင်းဂိုး လေးဂိုး ရှိနေပြီ ဖြစ်ပါတယ်။