မန်ယူအသင်းဟာ ဂန္ထဝင်နည်းပြဟောင်း ဆာအဲလက်စ် ဖာဂူဆန်လက်ထက်တုန်းက ရယူနိုင်ခဲ့တဲ့ အောင်မြင်မှုမျိုးကို ပြန်ရမှာမဟုတ်ဘူးလို့ တိုက်စစ်မှူးဟောင်း ဆာဟာက ပြောပါတယ်။

ပြင်သစ်သားတိုက်စစ်မှူး ဆာဟာဟာ ၂၀၀၄ ခုနှစ်မှာ ဖူလ်ဟမ်ကနေ မန်ယူကို ပြောင်းရွှေ့ကစားခဲ့ပြီး ၄ နှစ်အတွင်း ဖလား ၄ လုံး ဆွတ်ခူးနိုင်ခဲ့သူပါ။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အဓိကပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီး၊ လီဗာပူးတို့နောက်မှာ ပြတ်ကျန်နေခဲ့ပြီလို့ ဆာဟာက ပြောပါတယ်။

”သူတို့ ဦးမော့လာမယ်လို့ ကျွန်တော် အပြည့်အဝ ယုံကြည်ပါတယ်။ ဒါပေမယ့် ဘာလုံးလောကမှာ ပုံတူကူးနိုင်ပေမယ့် ဘယ်တော့မှ ထပ်တူမကျနိုင်ဘူးဆိုတာကိုတော့ နားလည်ထားဖို့ လိုပါတယ်။ ဖာဂူဆန် လက်ထက်တုန်းကလို လုပ်နိုင်ဖို့ မျှော်လင့်ထားတယ်ဆိုရင်တော့ အံ့အားသင့်စရာ ပြကွက်တွေ ကုန်ဆုံးသွားပြီလို့ ပြောပါရစေ။ ”

“အလုပ်လုပ်ဖို့ လိုပါတယ်။ မန်ယူကို အားပေးထောက်ခံနေမယ့် ပရိသတ်တွေ အမြဲတမ်းရှိပါတယ်။ အဲဒီတော့ ပြင်းပြင်းထန်ထန် ကြိုးစားရမယ်။ အခြေခံကျကျ လုပ်ရမယ်။ ပြီးခဲ့တဲ့နှစ်တွေကတော့ နာကျင်စရာပါ။ ”

“ဒါပေမဲ့ ဆိုးလ်ရှားနဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေက ယူနိုက်တက်ကို အမှန်တကယ် တောင့်တင်းအောင် လုပ်ပေးပါလိမ့်မယ်လို့ သေချာပေါက်ပြောနိုင်ပါတယ် “လို့ ဆာဟာက ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ၂၀၁၃ ခုနှစ်မှာ ဖာဂူဆန် အနားယူခဲ့ပြီးနောက်ပိုင်း နည်းပြ လေးဦး ပြောင်းလဲ ထားပြီ ဖြစ်ပေမယ့် အက်ဖ်အေဖလား တစ်လုံးပဲ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဆာဟာက လက်ရှိ မန်ယူမှ ပြင်သစ်သားတွေ ဖြစ်တဲ့ ပေါ့ဘာ၊ မာရှယ်တို့ ရုန်းကန်နေရမှုကိုလည်း ကာကွယ်ပြောဆိုသွားပြီး ဝေဖန်ပြစ်တင်မှုတွေက မမျှတကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။