မန်ချက်စတာ ယူနိုက်တက် အတွက် နောက်ဆုံး ကစားထားတဲ့ ၅ ပွဲ မှာ တစ်ပွဲ တစ်ဂိုးစီနဲ့ ၅ဂိုး သွင်းယူခဲ့တဲ့ တိုက်စစ်မှုး ရက်ဖို့ဒ်ဟာ ရပ်တန့်လို့ မရအောင် ခြေစွမ်းကောင်း ရနေပြီ လို့ နည်းပြ တန်ဟက်က ယုံကြည်နေပါတယ်။

အသက် ၂၅နှစ်အရွယ် အင်္ဂလန်သား တိုက်စစ်မှူးဟာ ဒီရာသီ ကလပ်နဲ့ နိုင်ငံအတွက် သွင်းဂိုး ၁၆ ဂိုး ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ မှန်ကန်တဲ့ စိတ်ဓါတ်ပိုင်းတွေ ရှိနေခြင်းနဲ့အတူ ရက်ဖို့ဒ် ဟာ အသင်းနဲ့အတူ အောင်မြင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင့် အဲဗာတန်နဲ့ အက်ဖ်အေဖလား ပွဲ အပြီးမှာ တန်ဟက် က အခုလို ဆိုခဲ့ပါတယ်။

“ နောက်ထပ် တစ်ကြိမ် ပွဲအစကတည်းက အကောင်းဆုံး စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရပါတယ်။ အသင်း တစ်သင်း အနေနဲ့ ကျွန်တော်တို့တွေ ပွဲကို ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။ မားကပ်က ရှေ့ဆုံးကနေပြီး ခိုင်မာတဲ့ ယုံကြည်မှုကို ပြသခဲ့တယ်လို့ ထင်ပါတယ်။

သူ့အတွက်ရော အသင်းအတွက်ပါ တောင်းဆိုမှုတွေက အရမ်းများပါတယ်။ ကျွန်တော်တို့တွေ မှန်ကန်တဲ့ ပတ်ဝန်းကျင်၊ မှန်ကန်တဲ့ စိတ်ဓာတ် ရရှိအောင် လုပ်ရတယ်။ ဒီလိုမျိုး သူအာရုံစိုက်ထားမယ်ဆိုရင် ရှေ့ဆက် အောင်မြင်ဦးမှာ သေချာပါတယ် ” လို့ တန်ဟက်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

ရက်ဖို့ဒ်ရဲ့ ဖန်တီးမှု နှစ်ကြိမ်လုံးဟာ သူ့ရဲ့ အားနည်းတဲ့ ဘယ်ခြေနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။ တန်ဟက်ဟာ ယူနိုက်တက် ကစားသမားတွေကို အားနည်းတဲ့ ခြေထောက်နဲ့ ပတ်သက်တဲ့ လေ့ကျင့်ရေး အစီအစဉ်တွေ ပြုလုပ်စေခဲ့တယ်လို့ စက်တင်ဘာမှာ သတင်းထွက်ခဲ့သေးတာပါ။

“ မားကပ်က သူ့ရဲ့ အားနည်းတဲ့ ခြေထောက်နဲ့ ခေါင်းတိုက်စွမ်းရည်အပြင် တခြားသော အရည်အချင်းတွေမှာ တိုးတက်အောင် ကြိုးစားခဲ့ပါတယ်။ အဓိကကတော့ မှန်ကန်တဲ့ နေရာမှာ သူ့ကိုထားဖို့ပဲ။

အသင်းတစ်သင်းအနေနဲ့ ကျွန်တော်တို့ နေရာလွတ်တွေ ဖန်တီးနိုင်ရင် မားကပ်က အားသာချက် ဖြစ်လာတယ်။ မားကပ် ကောင်းကောင်းလုပ်နေသလို အသင်းကလည်း ပုံစံကောင်းမှာ ရှိနေတယ်။ ဒါကြောင့်ပဲ သူက သူ့အားသာချက်တွေကို ထုတ်ပြနိုင်ပြီး သူ့အရှိန်အဟုန်၊ အလိမ်အခေါက်၊ တိကျမှုတွေနဲ့ ရပ်တန့်လို့ မရအောင် ဖြစ်နေတာပါ။ ”လို့ တန်ဟက်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။