မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူးဟောင်းကြီး ရီယို ဖာဒီနန်က လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခံစစ်မှူးဟာ ယူနိုက်တက် ခံစစ်မှူး မာတီနက်ဇ်ပါလို့ ကိုယ့်အသင်းဟောင်း ကိုယ် အသားပေးပြီး ရွေးချယ်သွားပါတယ်။

မာတီနက်ဇ်ရဲ့ လက်ရှိ ပုံစံကောင်းတွေအရ သရဲနီဟောင်းက အာဂျင်တီးနား ခံစစ်မှူးကို ပရီးမီးယားလိဂ် အကောင်းဆုံး ခံစစ်မှူးလို့ မြင်နေတာ ဖြစ်ပါတယ်။

အရပ်အမောင်းပိုင်းမှာ ဝေဖန်ခံရမှုတွေ ရှိထားတဲ့ မာတီနက်ဇ်ဟာ အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလား အောင်မြင်ခဲ့သလို အခုချိန်ထိ ယူနိုက်တက်မှာ ကောင်းကောင်း လုပ်ဆောင်နေပါတယ်။

” အခုချိန်မှာ မာတီနက်ဇ် က အကောင်းဆုံး ခံစစ်မှူးဆိုတာကို ငြင်းမယ့်သူတွေ ရှိမယ်လို့ မထင်ပါဘူး။ သူက လွှမ်းမိုးနိုင်တယ်၊ တိုက်ခိုက်နိုင်တယ်။

နောက်ပြီး သူက ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်၊ အသင်းဖော်တွေနဲ့ ဆက်သွယ် ပြောဆိုနိုင်ပြီး ကောင်းမွန်တဲ့ ပုဂ္ဂိုလ်ရေး စရိုက်တွေကို အခိုက်အတန့်ကြီးတွေမှာ ပြသနေပါတယ်။

ဒါပေမယ့် ကျနော်ကလည်း မေးခွန်းမေးလိုသူတွေထဲက တစ်ဦးပါပဲ။ အကယ်လို့ တစ်ဦးချင်းဆိုရင် မာတီနက်ဇ်က ပြိုင်ဘက်တွေကို ရုပ်ပိုင်းဆိုင်ရာအရ ယှဉ်ပြိုင်နိုင်မှာလား? ဒီအပိုင်းကို ယူနိုက်တက်မှာတော့ နည်းပြတန်ဟက်က နည်းစနစ်ပိုင်းအရ ကာကွယ်ထားပါတယ်။

အပတ်တိုင်းမှာ ကျနော်တို့က သူ့ကို ခေါ်ယူလိုက်တာဟာ မှားယွင်းမှုလား? သူ့ကို ကျော်ပြီး တစ်ယောက်ယောက်က ခေါင်းတိုက်သွားမလား? တစ်ယောက်ယောက်က ရုပ်ပိုင်းဆိုင်ရာအရ သူ့ကို အနိုင်ယူသွားမလား? ဆိုတာကိုပဲ ထိုင်စဉ်းစားနေလို့ မရပါဘူး။

ကျနော်တို့ကတော့ သူရုန်းကန်နေရတာမျိုး မမြင်ပါဘူး။ ကျနော်တို့ မြင်နေရသလောက်ကတော့ မာတီနက်ဇ်က ကောင်းကောင်းလုပ်နေတယ်။ ဒီတော့ သူ့ကို ခေါ်ယူခဲ့တာက အကောင်းဆုံး လုပ်ခဲ့တာလို့ ပြောရမှာပါပဲ ” လို့ ဖာဒီနန်က ပြောဆိုသွားတာ ဖြစ်ပါတယ်။