မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူး အသင်းတို့ သရေ ပွဲမှာ ပွဲရလဒ်ကို ကျေနပ်ခဲ့တာက ယူနိုက်တက် ဖြစ်ပြီး အိမ်ရှင် လီဗာပူး အသင်းသားတွေ အတွက်တော့ စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။

လီဗာပူး ခံစစ်မှူး ဗန်ဒိုက်က ယူနိုက်တက်ဟာ သရေကျတာနဲ့တင် ပျော်ရွှင်နေတဲ့ အသင်းလို့ ပွဲအပြီး ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ဒီ အပြောကို သရဲနီဟောင်ကြီး ရွိုင်ကိန်းက အတော်လေး ဒေါပွခဲ့ပါတယ်။

ရွိုင်ကိန်းကတော့ အသင်းကြီးချင်း ဒီပြောဆိုမှုဟာ လေးစားမှု မရှိတာလို့ ဝေဖန်လိုက်ပြီး လီဗာပူး အသင်းဟာ နှစ် ၃ဝ မှ ဖလား ရတယ် လို့ ပြန် ထောက်သွားခဲ့တယ်။

“ ယူနိုက်တက်က သရေ ရလဒ်ကို ပျော်နေတဲ့ အသင်းလို့ ဗန်ဒိုက်ပြောတာ ကျနော် ကြားပါတယ်။ ဗန်ဒိုက်က ယူနိုက်တက် ကို လေးစားမှု ကင်းမဲ့စွာ ပြောဆိုတာပါ၊ သူက ဘဝင်လေဟပ် လွန်းပါတယ်။

သူက နှစ် ၃၀ မှ ပရီးမီးယားလိဂ်ဖလား ၁ ကြိမ်လေး ရဖူးတဲ့ ကလပ်အတွက် ကစားနေတဲ့သူ ဆိုတာ ကိုယ့်ဘာသာ သတိရနေဖို့ လိုအပ်ပါတယ်။

သူက ဒီပွဲမှာ အနိုင်ရချင်တဲ့ ကလပ်က တစ်သင်းတည်း ရှိတယ်လို့ ပြောခဲ့တယ်။ ယူနိုက်တက်ကွင်းက သိပ်မခက်ခဲဘဲ ဒီနှစ်တွေမှာ လီဗာပူးကွင်းက ပိုခက်ခဲတဲ့ ကွင်းဖြစ်နေတော့ သူက ဒီနေ့လို ဘဝင်လေဟပ်နေတဲ့ အသံမျိုးနဲ့ ပြောတာ ဖြစ်ချင်ဖြစ်မှာပေါ့။

သူက ယူနိုက်တက်တို့ သရေကျတာနဲ့တင် ပျော်နေတယ် ပြောနေတယ်။ ဒါမျိုး လာမပြောပါနဲ့။ ယူနိုက်တက်ဘက်က အခွင့်အရေး တစ်ကြိမ် နှစ်ကြိမ်လောက် ရခဲ့ပါတယ်။ လီဗာပူးလို အသင်းအတွက် ကစားပေးပြီး သူ ဒီလိုမျိုး မလေးမစား မပြောသင့်ပါဘူး ” လို့ ရွိုင်ကိန်းက တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီရလဒ်ကြောင့် ယူနိုက်တက်က အဆင့် ၇ မှာ ဆက်ရှိနေပြီး ပျော်ရွှင်ခဲ့ရပေမယ့် လီဗာပူးကတော့ ဇယားထိပ်ကနေ ဆင်းပေးခဲ့ရပြီ ဖြစ်ပါတယ်။