လီဗာပူးအသင်းဟာ မန်ချက်စတာ ယူနိက်တက်ကို အန်းဖီးမှာ သရေကျပြီးနောက် လာမယ့် စနေနေ့မှာလည်း အာဆင်နယ် အသင်းကို ထပ်မံ ဧည့်ခံ ကစားရဦးမှာ ဖြစ်ပါတယ်။

အာဆင်နယ် ဂိုးသမား ဒေးဗစ် ရာယာကတော့ ဘရန့်ဖို့ဒ်နဲ့ အတူ အန်းဖီးလာပြီး ရင်ဆိုင် ကစားစဉ်က ရလဒ်ကောင်း ယူနိုင်ခဲ့တာကြောင့် လီဗာပူးကို ရင်ဆိုင် ကစားရမှာ စိုးရိမ် မနေသလို အန်းဖီး ဖိအားကိုလည်း ဂရုမထားကြောင်း ပွဲကြို စကား ဆိုလာပါတယ်။

” အသင်းကြီးတွေတိုင်း အတွက် လီဗာပူးအသင်းကို အဝေးကွင်းမှာ သွားရင်ဆိုင်ရတယ် ဆိုတာ တကယ့်ကို ပွဲကြီး ပွဲကောင်းပေါ့။ အန်းဖီးရဲ့ အားပေးမှုနဲ့ ဖိအားတွေက ခင်ဗျားတို့ သိတဲ့ အတိုင်းပဲဗျာ။

ကျွန်တော် နောက်ဆုံးတခေါက် ဘရန့်ဖို့ဒ်နဲ့ အတူတူ လီဗာပူးကို သွားရင်ဆိုင်တုန်းကနဲ့ လာမယ့် စနေနေ့ ပွဲက မတူဘဲ ခြားနားနေမယ် လို့ ထင်ပါတယ်။

သူတို့ ပရိသတ်တွေက ကျွန်တော်တို့ အပေါ် ဖိအားတွေ အများကြီး ပေးလိမ့်မယ်။ အထူးသဖြင့် ကျွန်တော်တို့ အသင်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်မှာ ဆက်ရှိနေဖို့ ကြိုးစားမယ့် အသင်း ဖြစ်နေလို့ပါ။

ဒီပွဲက တကယ်ကို အရမ်း အရမ်း အရေးကြီးတဲ့ ပွဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့က အန်းဖီးဆိုတာကို သိပ်ကြီး အာရုံထားနေဖို့ ဂရုစိုက်နေဖို့ မလိုဘူး။ ကျွန်တော်တို့ ကိုယ့်ဘာသာ ကိုယ်နဲ့ ဘောလုံးကို အာရုံစိုက်ကစား၊ နိုင်ဖို့ ပဲ လုပ်ရမှာ။

ဖိအား ဆိုတာက ကိုယ်က လက်ခံလိုက်မိမှသာ ဖြစ်တာလို့ ကျွန်တော်ထင်တယ်။ အပြင်က လာတဲ့ ဖိအားတွေကို၊ အပြင် ကမ္ဘာက အသံတွေကို ကိုယ်က နားမထောင်ရင် ဘာမှ မဖြစ်ပါဘူး။ ” လို့ ရာယာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။