မန်ယူနိုက်တက်က လာမယ့် ဇန်န၀ါရီမှာ ခေါ်ယူဖို့ ကြိုးစားမယ် သတင်းထွက်နေတဲ့ ဗဟိုခံစစ်မှူး ကူလီဘိုင်လေအတွက် နာပိုလီအသင်းက တန်ကြေး သန်း ၉၀ သတ်မှတ်လိုက်ပါတယ်။ မော်ရင်ညို အားဖြည့်ချင်နေတဲ့ ခံစစ်အတွက် ဆီနီဂေါသားက ဦးစားပေး ပစ်မှတ် ဖြစ်နေတယ်လို့လည်း သိရပါတယ်။

အသင်းသတင်းစာရှင်းလင်းပွဲခန်းထဲ ၀င်လာတဲ့ မော်ရင်ညိုက သောက်စရာ ရေမတွေ့တော့ ငါတို့ အသင်း ချွေတာရေး စနေပြီလား.. ဇန်န၀ါရီ လူဝယ်ဖို့ ငွေစုနေတာလားလို့ ဟာသလုပ်ရင်း ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ လက်နှေးတဲ့အပေါ် ထိုးနှက်လိုက်ပါတယ်။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကမှ ရောက်လာတဲ့ ဆယ်ကျော်သက်လူငယ် ဒါလော့ဟာ ယူနိုက်တက်မှာ ဆယ်စုနှစ်တစ်ခုစာ လွှမ်းမိုးနိုင်မယ့် အကောင်းဆုံး ညာခြမ်းခံစစ်မှူး ဖြစ်လာနိုင်ပြီး ဂယ်ရီနဗီးလ် ခြေရာနင်းလိမ့်မယ်လို့ မော်ရင်ညိုက ဟောကိန်းထုတ်လိုက်ပါတယ်။

လီဗာပူးကစားသမားဟောင်းကြီး ဒန်နီမာဖီက လီဗာပူးအသင်းသာ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့် မတက်နိုင်ခဲ့ဘဲ ယူရိုပါလိဂ်သို့ ဆင်းခဲ့ရပါက အသင်းရဲ့ ပရီးမီးယားလိဂ် ပုံစံကောင်းကို ထိခိုက်သွားနိုင်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ အခြေအနေကောင်းပေမယ့် ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲမှာ အဆုံးအဖြတ် ဖြစ်သွားမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

လီဗာပူးအသင်းက မွန်ချင်ဂလာဘတ်မှ သော်ဂန်ဟာဇက်အတွက် စာချုပ်ပါ ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ ပေးကာ ဇန်န၀ါရီမှာ ခေါ်ယူဖို့ ကြံရွယ်နေတယ်လို့ သိရပါတယ်။ ချယ်ဆီးကစားသမား ဟာဇက်ရဲ့ ညီ ဖြစ်တဲ့ သော်ဂန်ဟာဇက်ရဲ့ လက်ရှိကလပ်နဲ့ စာချုပ်က ၂၀၂၀ မှာ ကုန်ဆုံးမှာပါ။

ဖီနာဘာချီအသင်းက လီဗာပူး ဗဟိုခံစစ်မှူး မာတစ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာာပါတယ်။ ဂိုမက်ဇ်ကို ပိုနေရာပေးလာတဲ့ ဒီရာသီမှာ မာတစ်ဟာ ပွဲကစားခွင့်နည်းလာပြီး ဦးစားပေးခံစစ်သမားများ ဒဏ်ရာရနေတဲ့ ဒီတလောမှာသာ ပြန်လည် ကစားခွင့် ရလာတာပါ။

ဟာဇက်က မန်စီးတီးနဲ့ပွဲမှာ False 9 ပုံစံနဲ့ ကစားရတဲ့အပေါ် အနည်းငယ်ထူးဆန်းပေမယ့် ကွန်တီတုန်းကလည်း အဆိုပါ နေရာ ကစားခိုင်းဖူးတာ ဖြစ်လို့ ပြဿနာတော့ မရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဟာဇက် ထူးဆန်းနေတာကတော့ ထိုနေရာမှာ ဘောလုံးရတာ နည်းပြီး အကျွမ်းတ၀င် မဖြစ်တာကို ဆိုလိုခဲ့တာပါ။

ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးကို နိုင်လိုက်တဲ့ပွဲမှာ ထူးချွန်တဲ့ ချယ်ဆီးကစားသမား အများအပြား ရှိခဲ့ပေမယ့် ဘီဘီစီမှ အားကစားသုံးသပ်သူ ဂယ်ရီလင့်ကာကတော့ ခံစစ်မှူး ကွီတာကို ချီးကျူးမှု ပြုလုပ်သွားပါတယ်။ ကွီတာဟာ သူ့ပုံစံအတိုင်း မပြောင်းမလဲ တည်ငြိမ်တဲ့ ခြေစွမ်းကောင်း အမြဲ ပြသနိုင်တဲ့ ဘောလုံးသမားဖြစ်တယ်လို့ ၄င်းက ဆိုပါတယ်။

ချယ်ဆီးကစားသမား ဒေးဗစ် လူးဝစ်ဟာ စပါးနဲ့ပွဲ၊ အဲဗာတန်နဲ့ပွဲတွေမှာ ခြေစွမ်းမကောင်းခဲ့ပေမယ့် မန်စီးတီးကို နိုင်တဲ့ပွဲမှာတော့ ဂိုးသွင်းနိုင်တဲ့ အပြင် ကွင်းထဲမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြန်လည် ပြသနိုင်ခဲ့ပါတယ်။ ထိုပွဲမှာ တစ်ဦးချင်း ဘောလုံးယှဉ်လုနိုင်မှု ၅ ကြိမ်၊ ကန်သွင်းချက်ကို ကာကွယ်ဖြတ်ထုတ်တာ ၁ကြိမ်၊ ရှင်းလင်းမှု ၇ ကြိမ်နဲ့ ဘောလုံးဖြတ်ယူမှု အရေးပါတဲ့အချိန်မှာ ၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်က အသည်းအသန် ချိတ်ဆက်နေတဲ့ ဟာဇက်ကို အလိုရှိတဲ့ အသင်းထဲမှာ ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်ပါ ပါဝင်လာပါတယ်။ ရီးရဲလ်က ဟာဇက်ကို လိုချင်ပေမယ့် ချယ်ဆီးဘက်က တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀၀ ကို ပေးဖို့တော့ မလိုလားဘူး ဖြစ်နေတာပါ။

တော်ရဲရားက အသင်းကနေ ထွက်ခွာတော့မယ့် ရမ်ဆေးနေရာ အစားဝင်တဲ့ သူရဲကောင်းသစ် ဖြစ်တယ်လို့ လန်ဒန် အခြေစိုက် သတင်းဌာနများက သုံးသပ်ထားပါတယ်။ ဒီရာသီမှ အသင်းသို့ ရောက်ရှိလာတာ ဖြစ်ပေမယ့် တော်ရဲရားဟာ အာဆင်နယ်မှာ အခြေကျ ခြေစွမ်းပြနေပြီ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းအတွက် ပြီးပြည့်စုံတဲ့ သီတင်းပတ် ဖြစ်ခဲ့လို့ ၀မ်းမြောက်ကြောင်း ဂန်းနားတပ်သား ဇာခါက ထုတ်ဖော်ပြောကြား လိုက်ပါတယ်။ အာဆင်နယ်ဟာ ဟက်ဒါဖီးလ်ကို နိုင်လိုက်တဲ့အတွက် ပရီးမီးယားလိဂ် ဇယား ထိပ်ပိုင်း အတွက် ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။

ဒဏ်ရာရ ကစားသမား အများအပြား ရှိနေတဲ့အတွက် နောက်တစ်ပတ် ဆောက်သမ်တန်နဲ့ပွဲ ဘယ်လိုကစားရမယ် မသိဘူးလို့ အမ်မရီက ညည်းတွားလိုက်ပါတယ်။ ဒါပေမယ့် အသင်းမှာ ကစားသမားတွေ ရှိပါတယ်လို့ ၄င်းက ဆိုပါတယ်။ အမ်မရီအနေနဲ့ လူငယ်ကစားသမားတွေကို အခွင့်အရေးပေးရဖို့ ရှိနေပါတယ်။

မန်စီးတီးကစားသမား စတားလင်းဟာ ချယ်ဆီးနဲ့ပွဲနေ့မှာ စတန်းဖို့ဘရစ်က ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်း ခံခဲ့ရပါတယ်။ စတားလင်းရဲ့ ပြေးဟန်က မိန်းမတစ်ယောက်နဲ့တူတယ်ဆိုတဲ့ ကိစ္စနဲ့ ဖြစ်တယ်လို့လည်း သိရပါတယ်။ စတားလင်းကတော့ လှောင်ပြောင်နှိမ့်ချတဲ့ လူမျိုးရေးခွဲခြားမှုတွေကို ပြင်ပမှာတင်မက သတင်းမီဒီယာတွေမှာပါ ရှိနေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် ပထမဆုံး ရှုံးပွဲ အဖြစ် ချယ်ဆီးကို ရှုံးနိမ့်ခဲ့တဲ့ပွဲနဲ့ ပတ်သတ်လို့ နောင်တရတာ မရှိဘူးလို့ ဂွာဒီယိုလာက ပြောကြားလိုက်ပါတယ်။ အသင်းလိုက် ကစားပုံမှာ မန်စီးတီးက ယေဘုယျအားဖြင့် ပိုကောင်းခဲ့တယ်လို့ ၄င်းက ဆိုပါတယ်။

ထိပ်တိုက်တွေ့ကြမယ့် ချန်ပီယံလိဂ်ပွဲ မတိုင်ခင်မှာပဲ ဘာစီလိုနာဟာ ပရီးမီးယားလိဂ် ကလပ် စပါးအသင်းတိုက်စစ်မှူး ကိန်းကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀၀ ပေး ကမ်းလှမ်းသွားမယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် တွေ့လာရပါတယ်။

ကိန်း ပွဲထွက်စာရင်းမှာ မပါဝင်ခဲ့တဲ့ လက်စတာနဲ့ပွဲမှာ အသင်းသားတွေကို ဦးဆောင်မှုပြုလုပ် ခြေစွမ်းပြသွားတဲ့ အလီရဲ ခြေစွမ်းကို သုံးသပ်သူ မာတင်ကီယွန်က ချီးကျူးမှု ပြုလုပ်သွားပါတယ်။ “ကိန်း အရန်ခုံမှာ ရှိနေချိန် လူးကပ်စ်မိုရာ ရှေ့တက် ကစားနေချိန်မှာ အလီက ခေါင်းဆောင်တစ်ဦး အဖြစ် သူ့ကိုယ်သူ တာဝန်ယူသွားတယ်။ လှပတဲ့ ခြေအသိမ်းအနှုတ်နဲ့ သန့်သန့်ရှင်းရှင်း ကစားသွားတယ်။ ကွင်းလယ်မှာ သူ ထိုးဖောက်ချင်သလို ထိုးဖောက် ကစားသွားတယ်” လို့ ချီးကျူးသွားပါတယ်။

လက်စတာကို ၂ ဂိုး ဂိုးမရှိနဲ့ နိုင်တဲ့ပွဲအပြီးမှာ အန်ဒါဝီရယ်လ်က စွမ်းဆောင်ရည်ကောင်းရယ် ၃မှတ်ရယ် ပေးဂိုးမရှိ နိုင်ပွဲ လို့ တွစ်တာမှာ ရေးသား အောင်ပွဲခံခဲ့ပါတယ်။