ဒေါ့မွန်အသင်းမှာ တောက်ပလာနေတဲ့ ဆန်ချိုကို ခေါ်ယူခွင့်အတွက် ပရီးမီးယားလိဂ်ကလပ်တွေနည်းတူ ရီးရဲလ်၊ ဘိုင်ယန်၊ ဘာကာတို့ကလည်း စိတ်ဝင်စားလာနေပါတယ်။ ထိပ်သီးအသင်းတွေဟာ နွေအပြောင်းအရွှေ့မှာ ချိတ်ဆက်မှုတွေ စတင်လာနိုင်ပါတယ်။

ရော်နယ်ဒိုရဲ့ ရီးရဲလ်မက်ဒရစ်ကနေ ဂျူဗင်တပ်ကို ယူရို သန်း 100 တန် ပြောင်းရွှေ့မှု ဖြစ်ခဲ့တာက မိမိကြောင့် မဟုတ်ပဲ ကစားသမားကိုယ်တိုင်က ပြောင်းလိုခဲ့တာပါလို့ အေးဂျင့် မန်ဒက်စ်က ပြောပါတယ်။ 2018 နှစ်စမှာ ရော်နယ်ဒိုက ဂျူဗင်တပ်ကို ပြောင်းရွှေ့ဖို့ကို စတင်စကားပြောခဲ့တာလို့ သူက ဆိုပါတယ်။

အာဆင်နယ်ဟာ ရီးရဲလ်မက်ဒရစ်မှာ နေရာမရဖြစ်နေတဲ့ အစ္စကိုကို ခေါ်ယူခွင့်နဲ့ ပက်သက်ပြီး အခြေအနေ စောင့်ကြည့်နေပါတယ်။ ဖြစ်နိုင်ချေရှိမယ့် အပြောင်းအရွှေ့ထဲမှာ အိုဇေးနဲ့ အလဲအထပ်ရိုက်ဖို့ပါ ရည်ရွယ်ထားပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ လာမယ့်ရာသီ အမြဲတမ်းမန်နေဂျာရာထူးအတွက် စပါးမှ ပိုချက်တီနိုကို ခန့်အပ်မယ့်အစား မော်ရင်ညိုကို ရွေးချယ်ဖို့ပဲ ပိုမိုအလေးပေးသွားမှာပါ။

လပ်ဇစ်တိုက်စစ်မှူး တီမိုဝါနာကို ခေါ်ယူဖို့အတွက် လီဗာပူး၊ အက်သလက်တီကိုတို့ကို အသာစီးယူနိုင်ဖို့ ဂျာမနီကလပ် ဘိုင်ယန်မြူနစ်က အရှိန်မြှင့်လိုနေပါတယ်။ ဘိုင်ယန်ပြိုင်ဘက် ကလပ်အသင်းတွေက နွေလောက်မှ ကမ်းလှမ်းမှုတွေ လုပ်လိုနေတာပါ။

နယူးကာဆယ်မန်နေဂျာ ဘင်နီတက်စ်က ဇန်နဝါရီမှာ မှန်ကန်တဲ့ ကစားသမားတွေ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဘင်နီတက်စ်ဟာ လီဗာပူးတိုက်စစ်သမာတွေဖြစ်တဲ့ အိုရီဂီနဲ့ ဆိုလန်ကီတို့ကို သူအလိုရှိတဲ့ ကစားသမားများ စာရင်းထဲ ထည့်သွင်းထားပါတယ်။

ရုရှားကလပ်တွေဖြစ်တဲ့ CSKA Moscow နဲ့ Spartak Moscow တို့ဟာ ပရီးမီးယားလိဂ်ကလပ် ဆောက်တမ်တန်အသင်းမှ တိုက်စစ်မှူး Manolo Gabbiadini ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

မန်စီးတီးဟာ မကြာခင် ဖွင့်လှစ်မယ့် အပြောင်းအရွှေ့မှာ အေးဂျက်ကွင်းလယ်လူ ဒီဂျောင်းကို ခေါ်ယူဖို့ ကြီးမားတဲ့ ယှဉ်ပြိုင်မှုတွေ ရင်ဆိုင်ရပါတော့မယ်။ ပီအက်ဂျီ၊ ဘာကာအပြင် ဘိုင်ယန်မြူနစ်ကပါ နယ်သာလန်လူငယ်ကို ခေါ်ယူလိုလာပြီး ပြောင်းရွှေ့ကြေးဟာ အနိမ့်ဆုံး ပေါင် သန်း 60 ကနေ စတင်နိုင်ပါတယ်။

မိုနာကိုမန်နေဂျာ သီယာရီဟင်နရီက ချယ်ဆီးကွင်းလယ်လူ ဖာဘရီဂတ်စ်ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူခွင့်ရဖို့ မျှော်လင့်နေပါတယ်။ လီဂူးဝမ်းပြိုင်ဘက် ပီအက်ဂျီကလည်း ရာဘီရော့နေရာမှာ အစားထိုးဖို့ စပိန်ကွင်းလယ်လူကို အလိုရှိနေပါတယ်။

ချယ်ဆီးအသင်းဟာ လိုင်ယွန်ကွင်းလယ်လူ ဖယ်ကီရာကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတစ်ခု လုပ်ခဲ့တယ်လို့ ပြင်သစ်သတင်းဌာနတွေက ဖော်ပြလာပါတယ်။ နွေမှာ လီဗာပူးကိုရောက်ဖို့ အတော်နီးစပ်ခဲ့တဲ့ ပြင်သစ်သားဟာ ယာဂင်ကလော့ပ် အလိုရှိတဲ့ ကစားသမားစာရင်းမှာ ပါဝင်နေဆဲလို့ သိထားရပါတယ်။

မန်နေဂျာဆာရီက ကွင်းလယ်လူ လော့တပ်ချိစ်အား ဇန်နဝါရီမှာ အငှားချမှာ မဟုတ်ဘူးလို့ အတည်ပြုလိုက်ပါတယ်။ ဆာရီကပဲ လော့တပ်ချိစ်ဟာ လန်ဒန်အသင်းမှာ အနာဂတ်ကောင်းတွေရှိပြီး တောက်ပလာမယ့် ကစားသမားလို့ ထောက်ခံထားပါတယ်။

ဇန်နဝါရီ အပြောင်းအရွှေ့ ဖွင့်ချိန်မှာ ချယ်ဆီးကစားသမား မော့ဆက်ဟာ ပဲလေစ့်အသင်းထံ ပေါင် 12 သန်းနဲ့ ပြောင်းရွှေ့နိုင်ဖို့ အခြေအနေကောင်းနေပါတယ်။ ချယ်ဆီးဘက်ကပဲ လာလီဂါကလပ် ဗလန်စီယာကို အငှားချထားတဲ့ တိုက်စစ်မှူး ဘက်ရူဝါရီကို ခေါ်ယူဖို့ ပဲလေစ့်အသင်းကို ကမ်းလှမ်းမှုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စီးရီးအေဦးဆောင်သူ ဂျူဗင်တပ်အသင်းဟာ ပေါ့ဘာကို ဇန်နဝါရီမှာ ခေါ်ယူဖို့အတွက် အခွင့်အရေး အများကြီး မရှိပေမယ့် ကြိုးစားကြည့်ဖို့ ဆုံးဖြတ်ထားတယ်လို့ အီတလီသတင်းတွေက ဖော်ပြပါတယ်။ ဒါပေမယ့် အခွင့်မသာခဲ့ရင်လည်း နွေအပြောင်းအရွှေ့မှာ အမြဲတန်းမန်နေဂျာထံ ပေါ့ဘာအတွက် ကမ်းလှမ်းမှုတွေ ထပ်ပို့ဖို့ စီစဉ်ထားပါတယ်။

မန်ယူနိုက်တက်မန်နေဂျာ ဆိုးရှားကတော့ ဇန်နဝါရီမှာ ကစားသမားခေါ်ယူဖို့ ကလပ်အသင်းနဲ့ စကားပြောဖို့ရှိမယ်လို့ ဝန်ခံစကား ဆိုပါတယ်။

ယူနိုက်တက်ခံစစ်သမား ဒါမီယန်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ အီတလီကလပ် နာပိုလီအသင်းကို ရောက်ရှိမယ်လို့ သတင်းထွက်လာပါတယ်။