လီဗာပူးအသင်းဟာ ဒီရာသီ အမှတ်ပေးဖလားနဲ့ ထိုက်တန်မှု ရှိနေပြီလို့ အသင်းနည်းပြဟောင်း လက်ရှိ နယူးကာဆယ် အသင်းမန်နေဂျာ ဘင်နီတက်ဇ်က ပြောကြားလိုက်ပါတယ်။ “သူတို့ဟာ ဗိုလ်စွဲဖို့ ဘယ်လောက် ထိုက်တန်နေပြီလဲဆိုတာ ပြသခဲ့ပြီး ဖြစ်တယ် ကျနော်ထင်တယ်” လို့ ဘင်နီတက်ဇ်က ဆိုခဲ့တာပါ။

လီဗာပူးအသင်းက ငွေသုံးပြီး အောင်မြင်မှုကို ၀ယ်ယူနေတာ မဟုတ်ကြောင်း ရက်ပ်နက်က ဒေးလီးမေးလ်မှာ ပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းဟာ ဗန်ဒိုက်၊ အယ်လစ်ဆန်တို့ကို ဈေးကြီးပေးပြီး ခေါ်ယူခဲ့တာ ဖြစ်ပေမယ့် အလဟဿ မဖြစ်ခဲ့ဘဲ ယူနိုက်တက်လည်း ပေါင် သန်း ၂၀၀ ကျော်သုံးစွဲခဲ့ပြီး ဘာမှ ဖြစ်မလာသေးကြောင်း ၄င်းက ဆိုပါတယ်။

အမှတ်ပေးဇယားထိပ်မှာ ၆ မှတ်အသာနဲ့ ဦးဆောင်နေတာက ဘာမှ မဟုတ်သေးဘဲ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဟာ နောက်ဆုံးနေ့ နောက်ဆုံး ပွဲစဉ်ထိ ရောက်သွားနိုင်တယ်လို့ ကလော့ပ်က မှတ်ချက်ပြုလိုက်ပါတယ်။ လီဗာပူးအသင်း ကောင်းနေသလို မန်စီးတီးအပြင် ချယ်ဆီးအသင်း၊ အာဆင်နယ်အသင်းတို့လည်း ကောင်းမွန်တဲ့ပုံစံနဲ့ နိုင်ပွဲတွေ ရနေတာကြောင့် အခုအချိန်မှာ ဘာကိုမှ မသေချာသေးဘူးလို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။

ဘောက်ဆင်ဒေးနေ့ ဟက်ဒါဖီးနဲ့ပွဲစဉ်မှာ လူစားဝင်ကစားခွင့်ရခဲ့တဲ့ မန်ယူနိုက်တက် လူငယ်ကစားသမားလေး ဂိုးမက်က ကွင်းထဲ ၀င်ချိန်မှာ ပရိတ်သတ်တွေရဲ့ အော်ဟစ်အားပေးမှုက ဆူညံလွန်းလို့ နားတွေတောင် အူထွက်ခဲ့ရပါတယ်လို့ ပြောကြားခဲ့ပါတယ်။ ၁၈ နှစ်အရွယ် ဂိုးမက်အတွက် ဒီပွဲဟာ ဒီရာသီ ၀င်ကစားခွင့်ရတဲ့ တတိယမြောက်ပွဲစဉ်ဖြစ်ပြီး ၄င်းကတော့ ကျေနပ် ပျော်ရွှင်နေပါတယ်။

ဆိုးရှားနည်းပြ ဖြစ်လာတဲ့နောက် အကျိုးအရှိဆုံး ဖြစ်မယ့် ကစားသမား သုံးယောက်အမည်ကို ရွိုင်ယန်ဂစ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ “ကစားသမား ပိုပြီး တိုးတက်လာမယ်.. ပေါလ် ပေါ့ဘာဆိုရင် သွင်းဂိုးတွေ၊ ဒီဂီယာဆိုလည်း ကောင်းမွန်တဲ့ ကာကွယ်မှုတွေ ပိုလုပ်နိုင်လာပြီး ရပ်ဖို့ဒ်ကလည်း တပွဲထက် တပွဲ ပိုကောင်းလာတယ်။” လို့ ဂစ်က ပြောခဲ့တာပါ။

စပါးအသင်း ပရီးမီးယားလိဂ် ဗိုလ်စွဲမလားဆိုတာ ကောင်းမွန်တဲ့ ခြေစွမ်းကို တည်ငြိမ်စွာ ထိန်းသိမ်းထားနိုင်မှု အပေါ် မူတည်မယ်လို့ ပိုချက်တီနိုက ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ နေရာကောင်းမှာ ရှိနေတာဖြစ်လို့ ရာသီကုန်ခါနီးမှာလည်း အမှတ်ပေးဖလား စိန်ခေါ်သူအဖြစ် ဆက်ရှိနေဖို့ ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

စပါးအသင်းဟာ အန်ဒါဝီရယ်လ်ရဲ့ လက်ရှိစာချုပ်ပါ သက်တမ်းတိုးခွင့်ကို အသုံးပြုလိုက်ပြီ ဖြစ်ကာ ကစားသမားကို ၂၀၂၀ ထိ အသင်းမှာ ဆက်ရှိနေစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ စာချုပ်မှာ အသင်းမှ ထွက်ခွာခွင့်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း ပါ ပါဝင်နေလို့ စပါးအသင်းအနေနဲ့ အဆိုပါ ပမာဏပေးပြီး ကမ်းလှမ်းတဲ့အသင်း ရှိပါက ကစားသမားကို ပြန်လည် လက်လွှတ်ရဖွယ်လည်း ရှိပါတယ်။

တံကောက်ကြော တင်းတဲ့ ဒဏ် ရှိနေတဲ့ စပါး ကစားသမား ဒီလီအလီက လာမယ့် သီတင်းပတ် ၀ုဗ်နဲ့ ပွဲမှာ ပါဝင်နိုင်မလား စစ်ဆေးခံရဖို့ ရှိပါတယ်။

ဝက်ဖို့နဲ့ပွဲမှာ တံကောက်ကြော ဒဏ်ရာ ရပြီး လူစားလဲခဲ့ရတဲ့ ပက်ဒရိုရဲ့ ဒဏ်ရာအခြေအနေကို အတိအကျ မသိသေးကြောင်း ဆာရီက ပြောကြားထားပါတယ်။ ၄င်းရဲ့ ဒဏ်ရာကို အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်ဖို့ ရှိသေးတယ်လို့ ဆာရီက ဆိုပါတယ်။

ချယ်ဆီးနည်းပြ ဆာရီက ၀က်ဖို့နဲ့ပွဲမှာ ချယ်ဆီးလူငယ်ကစားသမား အိုဒွိုင်းကို ပွဲချိန် ၄၃ မိနစ်မှာ လူစားဝင် ကစားစေခဲ့သော်လည်း မိနစ် ၈၀ ကျော်မှာ ပြန်ထုတ် လူစားလဲခဲ့တဲ့ လုပ်ရပ်အပေါ် ကာကွယ်ပြောဆိုသွားပါတယ်။ အိုဒွိုင်းက ပွဲကစားရင်း တံကောက်ကြော အနည်းငယ် ထိခိုက်သွားတာကြောင့် ပြန် လူစားလဲခဲ့တာ ဖြစ်တယ်လို့ ဆာရီက ပြောကြားထားပါတယ်။

လီဗာပူးနဲ့ပွဲစဉ်က အာဆင်နယ်အသင်းရဲ့ အခြေအနေကို သိဖို့ စမ်းသပ်စစ်ဆေးမှု တစ်ရပ် ဖြစ်မယ်လို့ အမ်မရီက ပြောကြားလိုက်ပါတယ်။ “ဒီပွဲက သူတို့အတွက်ကော ကျနော်တို့အတွက်ပါ ပွဲကြီးပွဲကောင်းပါ။ သူတို့က ဒီရာသီ ရှုံးပွဲ မရှိသေးတဲ့အသင်းဖြစ်လို့ ယုံကြည်မှု အပြည့် ရှိနေပါလိမ့်မယ်။” လို့ ၄င်းက ဆိုပါတယ်။

“မူစတာဖီက ကျနော်တို့နဲ့အတူ လေ့ကျင့်ဖို့ အတော် နီးစပ်နေပါပြီ။ ဒီနေ့ သူတစ်ယောက်တည်း လေ့ကျင့်နေပေမယ့် ခံစားချက်က ကောင်းပါတယ်။ မနက်ဖြန်ဟာ လီဗာပူးနဲ့ပွဲမတိုင်ခင် နောက်ဆုံး လေ့ကျင့်ရတာ ဖြစ်တယ်။” လို့ အမ်မရီက ပြောကြားလိုက်ပါတယ်။

အီတလီသား ဂန္ဒ၀င်ကစားသမားကြီး ပီယာလိုက အာဆင်နယ်ကွင်းလယ် ရမ်ဆေးဟာ ဂျူဗင်တပ်အသင်းနဲ့ ကိုက်ညီတဲ့ ကစားသမား ဖြစ်မယ်လို့ အကြံပြု စကား ဆိုလိုက်ပါတယ်။ စီးရီးအေ အင်အားကြီးကလပ် ဂျူဗင်တပ်ဟာ ရမ်ဆေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ပါဝင်နေပါတယ်။

လက်စတာနဲ့ပွဲကြို ခရစ္စမတ်မတိုင်ခင် ညနေခင်းမှာ ကစားသမားတွေကို လေ့ကျင့်ရေး ဆင်းခိုင်းစေခဲ့တာက ပဲလေ့စ်နဲ့ပွဲ ရှုံးနိမ့်ခဲ့လို့ အပြစ်ပေးခြင်း မဟုတ်ကြောင်း ဂွာဒီယိုလာက ငြင်းဆိုလိုက်ပါတယ်။ အဆိုပါ လေ့ကျင့်ရေးက ပဲလေ့စ်နဲ့ပွဲမှာ မြင်ခဲ့တဲ့ လိုအပ်သည်များကို ပြုပြင်နိုင်ဖို့သာ လေ့ကျင့်ခဲ့ခြင်း ဖြစ်တယ်လို့ ၄င်းက ဆိုပါတယ်။

မန်စီးတီးအသင်းအတွက် အရေးပါတဲ့ ကွင်းလယ်ကစားသမား ဖာနန်ဒင်ဟိုက ဒီတစ်ပတ် ဆောက်သမ်တန်နဲ့ပွဲမှာ ပါဝင်ကစားဖို့ ကြံ့ခိုင်မှု အပြည့်အ၀ အချိန်မီ ရဖွယ် မရှိတာကြောင့် ဆက်လက် လွဲချော်ဖို့ ရှိနေပါတယ်။ ဒါပေမယ့် ဒီပွဲအပြီး လီဗာပူးနဲ့ပွဲမှာတော့ ဖာနန်ဒင်ဟို ပြန်လည် ပါဝင် ကစားနိုင်ဖို့ ရှိပါတယ်။

ဘာစီလိုနာ အကျော်အမော လီယွန်နယ် မက်ဆီက ဆရာဟောင်း ပက်ဂွာဒီယိုလာနဲ့ ပြန်လည် ဆုံချင်ပါသေးတယ်လို့ Marca နဲ့ အင်တာဗျူးမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ “ဖြစ်လာဖို့ ခက်တယ်ဆိုပေမယ့် ဂွာဒီယိုလာနဲ့ ကျနော် ပြန် အတူ အလုပ်လုပ်ချင်ပါသေးတယ်။ သူက ကမ္ဘာမှာ အကောင်းဆုံးနည်းပြတွေထဲက တစ်ယောက်ပါ။” လို့ မက်ဆီက ပြောကြားခဲ့တာပါ။