၂၀၁၉ ခုနှစ်ကို မကူးပြောင်းမီ ကစားမယ့် ပွဲစဉ်(၂၀) မှာတော့ ပွဲကြီးပွဲကောင်း တစ်ပွဲအဖြစ် ရာသီဝက်ချန်ပီယံ လစ်ဗာပူးလ်ဟာ နည်းပြ အမ်မရီရဲ့ အာဆင်နယ်အသင်းကို ဒုတိယအကျော့ပွဲစဉ်အဖြစ် အန်ဖီးလ်ကွင်းမှာ လက်ခံကစားသွားရဖို့ရှိနေပါတယ်။ သူတို့နှစ်သင်း ကစားမယ့်အချိန်ကတော့ လာမယ့်စနေနေ့ည၊ ဒီဇင်ဘာ (၂၉) ရက်နေ့ ညသန်းခေါင် (၁၂း၀၀) မှာပဲ ဖြစ်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု

လစ်ဗာပူးလ်ဟာ အာဆင်နယ်နဲ့ မကစားမီ ပရီးမီးယားလိဂ် (၈) ပွဲဆက်တိုက်အနိုင်ရရှိထားပါတယ်။ အဲဒီမတိုင်ခင်ကသရေပွဲတစ်ပွဲဟာ လည်း အာဆင်နယ်နဲ့ ပထမအကျော့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်ပဲ ဖြစ်ပါတယ်။ အာဆင်နယ်ကတော့လစ်ဗာပူးလ်နဲ့ မတွေ့ဆုံမီ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၅) ပွဲမှာ (၂) ပွဲသရေ၊ (၂) ပွဲအနိုင်ရရှိထားပြီး (၁) ပွဲရှုံးနိမ့်ထားပါတယ်။ သူတို့နှစ်သင်း နောက်ဆုံးထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၀) ပွဲမှာတော့ လစ်ဗာပူးလ်အသင်းက (၄) ပွဲနိုင်၊အာဆင်နယ်က (၁) ပွဲအနိုင်ရရှိထားပြီး (၅) ပွဲအထိ သရေကျထားခဲ့ပါတယ်။ အဆိုပါပွဲစဉ်တွေမှာလည်း လက်ရှိရာသီရဲ့ ပထမအကျော့မှာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်နဲ့ ၂၀၁၅ ခုနှစ်မှာ ဂိုးမရှိသရေကျခဲ့တဲ့ ပထမအကျော့ပွဲစဉ် နှစ်ပွဲကလွဲလို့ ကျန်တဲ့ပွဲစဉ်တွေမှာ နှစ်သင်းပေါင်းသွင်းဂိုးဟာ (၃) ဂိုး (သို့) (၃) ဂိုးနဲ့ အထက် အပြန်အလှန်သွင်းယူခဲ့ကြပါတယ်။

ဒဏ်ရာရပွဲပယ် ကစားသမားစာရင်း

လစ်ဗာပူးလ် – အောက်စလိတ်ချန်ဘာလိမ်၊ ဂျိုရယ်မာတစ်၊ ဂျိုးဂိုးမက်စ် (မသေချာ)။
အာဆင်နယ် – ဒန်နီဝဲလ်ဘတ်၊ စမစ်ရိုဝီ၊ ဟက်တာဘယ်လာရင်၊ မစ်ခီတာရန်၊ မာဗရိုပါးနို့စ်၊ မွန်ရီယယ်၊ ရော့ဘ်ဟိုးဒင်း၊ မူစတာဖီ။

သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

အာဆင်နယ်ကို ထိပ်တိုက်တွေ့ဆုံမှုတွေမှာ အသာရရှိထားတဲ့ နည်းပြကလော့ပ်ရဲ့ လစ်ဗာပူးလ်အသင်းဟာ ဘယ်လောက်အထိ မာကျောကျစ်လစ်ကြောင်းကို ကျွန်တော်တို့မြင်တွေ့ခဲ့ပြီးဖြစ်ပါတယ်။ နောက်တန်းမှာ ဂျိုးဂိုးမက်စ် ဒဏ်ရာရရှိနေတဲ့ အချိန်မှာတောင် လော်ဗရန်ဟာ ဗန်ဒိုက်နဲ့အတူ အကောင်းဆုံးခြေစွမ်းပြနေတဲ့ အပြင် ပြီးခဲ့တဲ့ ပွဲစဉ်မှာ အဖွင့်ဂိုးတောင် သွင်းယူပေးသွားခဲ့ပါတယ်။မနှစ်ကနဲ့မတူတော့တဲ့ ခံစစ်ကစားပုံ၊ လူအင်အားတောင့်တင်းမှု၊ ရွေးချယ်စရာများပြားမှုတွေက လက်ရှိရာသီမှာ လစ်ဗာပူးလ်ကို ရာသီဝက် ချန်ပီယံဖြစ်သွားစေခဲ့တာ ဖြစ်ပါတယ်။ ဒုတိယနေရာမှာ ရှိနေတဲ့အသင်းကို ရမှတ် (၆)မှတ်အထိ ဖြတ်ထားနိုင်ခဲ့တဲ့ အတွက်အာဆင်နယ်နဲ့ ပွဲစဉ်ကို ဖိအားကင်းကင်းနဲ့ပဲ ယှဉ်ပြိုင်သွားဖို့ရှိနေပါတယ်။

နည်းပြအမ်မရီရဲ့ အာဆင်နယ်ကတော့ ဆောက်သမ်တန်ကို (၃-၂) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး (၂၂) ပွဲဆက်ရှုံးပွဲမရှိ စံချိန် ရပ်တန့်သွားခဲ့ပြီးနောက်ပိုင်း ရလဒ်အချို့ယိမ်းယိုင်သွားခဲ့ပါတယ်။ ဒါဟာလည်း အသင်းရဲ့ ခံစစ်ကြောင်းမှာ ဒဏ်ရာပြဿနာတွေ ဆက်တိုက်ရရှိနေခဲ့လို့ ဖြစ်ပါတယ်။ ဆောက်သမ်တန်ကို ရှုံးပြီးနောက် ဘန်လေကို အနိုင်ပြန်ကစားနိုင်ခဲ့သော်လည်း ပွဲစဉ် (၁၉)မှာ ဘရိုက်တန်ကို မထင်မှတ်ထားဖွယ်ရာ သရေရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရပြန်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်ဟာနည်းပြသစ်လက်အောက်မှာမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခံစစ်ပိုင်းအားနည်းမှုတွေက လစ်ဗာပူးလ်နဲ့ပွဲမှာ သူတို့အသင်းကို ကောင်းကောင်းဒုက္ခပေးသွားနိုင်ပါတယ်။ လက်ရှိရာသီဝက်ချန်ပီယံ လစ်ဗာပူးလ်အသင်းကပဲ အိမ်ကွင်းအန်ဖီးလ်မှာ အာဆင်နယ်ကို အသာစီး ရရှိသွားပါလိမ့်မယ်။

ခန့်မှန်းရလဒ် ။ ။ လစ်ဗာပူးလ် ၁ – ၀ အာဆင်နယ်။

ပွဲကြိုအချက်အလက်များ

– လစ်ဗာပူးလ်အသင်းဟာ လက်ရှိရာသီမှာ ပေးဂိုး (၇) ဂိုးသာ ရှိသေးပြီး ပွဲစဉ်ပေါင်း (၁၉) ပွဲကစားထားရာမှာ (၁၂) ပွဲအထိ Clean Sheet ရယူထားပါတယ်။
– အာဆင်နယ်အသင်းကတော့ လက်ရှိဘောလုံးရာသီမှာ ကစားထားပြီးတဲ့ ပရီးမီးယားလိဂ် (၁၉) ပွဲမှာ (၃) ပွဲသာ Clean Sheet ရရှိထားပြီး ကျန်တဲ့ (၁၆) ပွဲစလုံးမှာ သွင်းဂိုးတွေကို ခွင့်ပြုပေးခဲ့ရပါတယ်။
– လစ်ဗာပူးလ်နဲ့ အာဆင်နယ်တို့ နောက်ဆုံးထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၂) ပွဲစလုံးဟာ သရေကျထားတယ်လို့သိရပါတယ်။ ဒါပေမယ့် လစ်ဗာပူးလ်ဟာ သူတို့နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၁) ပွဲမှာ သရေကျထားခြင်းမရှိဘူးလို့ သိရပါတယ်။

– လစ်ဗာပူးလ်အသင်းဟာ အိမ်ကွင်းအန်ဖီးလ်မှာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၅) ပွဲစလုံးမှာ ဂိုးသွင်းယူထားနိုင်တယ်လို့ သိရပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၃) ပွဲမှာ လစ်ဗာပူးလ်အသင်းရဲ့ စုစုပေါင်း သွင်းဂိုးဟာ (၉) ဂိုးအထိရှိခဲ့ပါတယ်။
– အာဆင်နယ်တိုက်စစ်မှူး အော်ဘာမီရန်းဟာ ဘရိုက်တန်နဲ့ ပွဲစဉ်မှာ အသင်းအတွက် တစ်ဂိုးသွင်းပြီးတဲ့နောက်မှာတော့ ပရီးမီးယားသွင်းဂိုးအများဆုံးစာရင်းကို (၁၃) ဂိုးနဲ့ ဦးဆောင်လျက်ရှိနေပါတယ်။
– လစ်ဗာပူးလ်ကြယ်ပွင့် ဆာလာဟာလည်း နယူးကာဆယ်နဲ့ပွဲစဉ်မှာ ပင်နယ်တီကနေတစ်ဆင့် တစ်ဂိုးသွင်းယူပြီး စုစုပေါင်း (၁၂) ဂိုးနဲ့ ဒုတိယနေရာမှာ ဟယ်ရီကိန်းနဲ့အတူ ရပ်တည်နေပါတယ်။