နွေအပြောင်းအရွှေ့မှာ မျှော်လင့်ထားသလောက် လူအင်အားဖြည့်တင်းမှုတွေ မလုပ်နိုင်ခဲ့တဲ့ မန်နေဂျာဆိုးရှားဟာ ဇန်နဝါရီနဲ့ နောက်ရာသီ နွေအပြောင်းအရွှေ့မှာ လူခေါ်ယူခွင့် ပိုမိုပြုလုပ်ပေးမယ်ဆိုတဲ့ အာမခံချက်ကို အသင်း ဘုတ်အဖွဲ့ထံက ရရှိခဲ့တယ်လို့ သိရပါတယ်။


ယူနိုက်တက်အသင်းဟာ ဒီနွေမှာ ဂျိမ်း၊ ဘစ်ဆာကာ၊ မက်ဂွဲရားတို့ကို ခေါ်ယူခဲ့ပြီး ကွင်းလယ်အတွက် အဲရစ်ဆန်၊ ဖာနန်ဒက်တို့ကို ခေါ်ယူဖို့ ကြိုးစားမှု မအောင်မြင်ခဲ့ပါဘူး။ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ လူကာကူကို အင်တာမီလန်အသင်းထံ လက်လွှတ်ခဲ့ရပေမယ့် အစား ပြန်လည်ခေါ်ယူမှု လုပ်နိုင်ခဲ့ခြင်းလည်း မရှိပါဘူး။

ယူနိုက်တက်ဟာ ဂျူဗင်တပ်တိုက်စစ်သမား ဒိုင်ဘာလာကို ခေါ်ယူဖို့ ကလပ်အသင်းချင်း သဘောတူညီမှုရခဲ့ပေမယ့် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးရ သဘောတူညီမှု မရခဲ့တာဖြစ်တယ်။ ယူနိုက်တက်ရဲ့ နွေခေါ်ယူမှုဟာ ပိုမိုတိုးတက်အောင်လုပ်ဖို့ လိုအပ်ပါကြောင်း သတိပေးမှုနဲ့အတူ ပရိသတ်တွေထံက စိတ်ပျက်မှုတွေကို ပိုင်ဆိုင်သွားခဲ့တာဖြစ်တယ်။

ကလပ်အသင်း ဘုတ်အဖွဲ့ကတော့ လာမယ့် ဈေးကွက်တွေမှာ မန်နေဂျာစိတ်တိုင်းကျ လူခေါ်ယူခွင့်တွေ ထပ်ပေးမယ်လို့ အသိပေးခဲ့ပြီး ဒီရာသီကို အကောင်းဆုံး စတင်ဖို့ တိုက်တွန်းခဲ့တယ်လို့ သိရတယ်။

မန်နေဂျာဆိုးရှားကတော့ ကောင်းမွန်တဲ့ အပြောင်းအရွှေ့နွေရာသီကို ဖြတ်သန်းနိုင်ခဲ့ပြီး အသင်းအပေါ် မကောင်းတဲ့ အငွေ့အသက်တွေ မခံစားရဘူးလို့ ဆိုပါတယ်။ ယူနိုက်တက်ဟာ နွေဈေးကွက်မှာ အသုံးစရိတ် ပေါင် ၁၄၈ သန်းခန့် သုံးစွဲခဲ့ပြီး ကစားသမား ရောင်းထုတ်မှုကနေ အသုံးစရိတ် ထက်ဝက်နီးပါး ပြန်လည်ရရှိခဲ့ပါတယ်။

ဆိုးရှားကတော့ ” ကလပ်အသင်းထဲမှာရော ပရိသတ်တွေဆီမှာပါ အသင်းအပေါ် အဆိုးမြင်နေတာမျိုးတွေ မရှိဘူးလို့ ထင်ပါတယ်။ ပရိသတ်တွေက ကစားသမားသစ်တွေကို စာချုပ်ချုပ် ခေါ်ယူစေချင်ကြတာပဲလေ။ အသင်းက ကစားသမားသစ် ခေါ်ယူမှုတွေ ပြုလုပ်ထားပါတယ်။ သူတို့ကို ယုံကြည်ပေးရမှာဖြစ်သလို သူတို့ကလည်း သက်သေပြရပါလိမ့်မယ်။

အသင်းကနေ ကစားသမားတွေ ထွက်ခွာဖို့ ရှိနိုင်ပါတယ်။ အသင်းမှာ ကျနော်တို့အလိုရှိတဲ့ ကစားသမားတွေနဲ့ မလိုအပ်တဲ့ ကစားသမားတွေ ရှိနေဆဲပါပဲ။ ဘယ်ကစားသမားတွေက ရေရှည် လက်တွဲသွားရမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ ” လို့ ဆိုသွားခဲ့ပါတယ်။